ကရင်စစ်ဘေးရှောင်များအား သွားရောက်ကူညီရန် ထိုင်းဖက်က တကြိမ်ခွင့်ပြုလိုက်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) က တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီလ ၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် အကူအညီပေးမယ့် ပစ္စည်းများကို ဒုက္ခသည်များရှိရာ ထိုင်း တစ်ဖက် ကမ်းသို့ ပို့ဆောင် ခွင့်ပြုလိုက်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) က တာဝန်ရှိသူ တစ်ဦး ဖြစ်သူ စောဘွေးဒို က အတည်ပြု ပြောဆိုသည်။
၎င်းက “သတင်းအရဆိုရင် ၉ နာရီမှာပေါ့ ကျနော်သိတဲ့လူတွေကို လှမ်းမေးကြည့်တော့ သွားနေပြီ အခု လှေပေါ် ကို ပစ္စည်းတွေတင်နေပြီ အဲဒါဟုတ်ပါတယ်။ ဒါပေမယ့် သွားပို့ခွင့်ရတာက မနေ့က ရောက်လာတဲ့ ပစ္စည်းတွေပဲ ပို့လို့ရတာ။ နောက်လာမယ့်ဟာတွေ အတွက်ကတော့ မရသေးဘူး။ မနေ့က ကားအစီး ၂၀ ကျော်ရောက်လာ တဲ့ဟာတွေလေ သော်လဲထာကနေ ဒီနေ့ ဟိုဖက်ကို သွားပို့ဖို့ အခွင့်ပေးလိုက်တာ” ဟုပြောသည်။
The Reporters သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းဖော်ပြချက်တွင် “အခုတော့ ဒီမှာ ရှိ နေတဲ့ ပစ္စည်းအားလုံးကို နေရာရွှေ့သွားပါပြီ ဒီနေ့မနက် အစောပိုင်းမှာပဲ။ ဒီက ဒေသခံတွေရဲ့ အကြောင်းကြား လာတဲ့အချက်တွေအရတော့ ဒီကပစ္စည်းတွေ ကမ်းစပ်မှာရှိတဲ့ လှေတွေပေါ်တင်ထားပါပြီ။ လှေ လေးစီး၊ ငါးစီး လောက် ရှိတယ်။ ဒေသခံတွေရဲ့ လှေတွေနဲ့ပဲ မြန်မာဘက်အခြမ်းမှာ ရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေး ဖို့ ပါ။ အီသူထဆိုတဲ့ နေရာနဲ့ အနီးဆုံးကိုသွားပို့ကြမှာပါ။ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် ဒီကရင်ဘက်ခြမ်းက လူတွေ လာယူကြမှာပါ” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များက ကရင်စစ်ရှောင်များကို ထိုင်းဘက်ခြမ်းဝင်ခွင့်မပြုခြင်း၊ လိုအပ်နေသည့် အစားအ သောက်များနှင့် အကူအညီအထောက်အပံ့များကို ခွင့်မပြုခြင်းတို့ကြောင့် ဝေဖန်မှုများ မြှင့်တက်နေသကဲ့သို့ ဆက်လက်ကူညီထောက်ပံ့ခွင့်နှင့် စစ်ရှောင်များအား ထိုင်းဘက်ခြမ်း ခေတ္တခိုလှုံခွင့်ပြုရန် တောင်းဆိုထားသည်။
“မနေ့ကဆိုရင် မိုးတွေ အရမ်းရွာတယ်။ ဒီမယ်ဟောင်ဆောင်ဒေသတစ်ခုလုံး နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘက် အခြမ်းရော မိုးအရမ်းရွာခဲ့တယ်။ ဒီလိုမျိုး မိုးတွေ အရမ်းရွာခဲ့တော့ စစ်ဘေးရှောင်ပြည်သူတွေလည်း နေထိုင်ရေး တော်တော်လေးခက်ခဲနေတယ်။ အဲ့အတွက် အခုပစ္စည်းတွေ သွားပို့နိုင်ပြီ။ နောက်ရောက်လာမယ့် အကူအညီတွေကတော့ အစိုးရရဲ့ ခွင့်ပြုချက်ရမှပါ” ဟု The Reporters သတင်းဌာနက သတင်းထောက်က ပြောဆိုထားသည်။
ကရင်ဒုက္ခသည်များကို သွားရောက်ကူညီရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုင်းအစိုးရမှ ခွင့်မပြုပဲ တားမြစ် ထားရာမှ ယနေ့နံနက်ပိုင်းတွင် ရောက်နှင့်ပြီးသား အကူအညီပေးသည့် ပစ္စည်းများကို သွားရောက်ပို့ဆောင်ရန် ခွင့်ပြုခဲ့သော်လည်း နောက်လာမည့် အရာများအတွက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးဟု စောဘွေးဒို က ဆက်ပြောသည်။
“အဲဒါကတော့ သူတို့ ပြောကြဆိုကြ အစည်းအဝေးလုပ်ဆဲပဲ ဘယ်အချိန်သွားရမလဲ ဘယ်လိုသွားရမလဲ ဆိုတာ ခွင့်ပြုတယ် မပြုဘူးဆိုတာကတော့ ဘာမှမပြောသေးဘူး” ဟု စောဘွေးဒိုက ပြောသည်။
ကရင်စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ခန့်သည် မြန်မာဖက်ခြမ်း သံလွင်မြစ်ကမ်းဘေးတွင် ရောက်ရှိနေပြီး လက်ရှိတွင် အစားအသောက်များအပြင် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု KRC က ဆိုသည်။
စောဘွေးဒိုက “သူတို့ပြောတာက သူတို့အတွက် လုံခြုံရေးလိုအပ်တယ်။ အခုက မိုးကလည်း နည်းနည်းရွာလာ တာဆိုတော့ အမိုးအကာတွေ လိုမယ်။ အစားအသောက်တွေလိုတယ်။ အရေးကြီးဆုံးကတော့ အခြေအနေက ဒီထက်ပိုဆိုးလာမယ်ဆိုရင် ထိုင်းဖက်မှာ ခတ္တခန လာရောက်ခိုလှုံနိုင်ဖို့အတွက်လေ ပြီးတော့ ဒုက္ခသေည် တွေကို သွားရာက်ကူညီဖို့ အကူအညီပေးမယ့်အဖွဲ့တွေကို ထိုင်းဖက်က ခွင့်ပြုပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေး သူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် မိုးအနည်းငယ်ကျလာသည့်အတွက် အမိုးအကာများလည်း အရေးအပေါ် လိုအပ်နေသည် ဟု သိရသည်။
ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် KNU/KNLA တပ်မဟာ ၅ ဧရိယာအတွင်းရှိ တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ၊ သေ မူဒဲရွာ စ သည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ နှစ်သောင်းကျော်သည် တောတောင်ထဲ တွင် ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ထို့အပြင် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေးကလိုးရွာ စသည့် သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေး ရွာများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ် ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ သံလွင်မြစ်ကမ်းနား နှင့် တောတောင်ထဲတွင် နေထိုင်နေကြရသည့် စစ်ရှောင်များလည်း ရှိနေသည်။







