ညမထွက်ရအချိန်ပိုင်းအတွင်း အရေးပေါ်လူနာကူညီမှုများအား မော်လမြိုင် RESCUE ခေတ္တရပ်နားမည်

ညမထွက်ရအချိန်ပိုင်းအတွင်း အရေးပေါ်လူနာကူညီမှုများအား မော်လမြိုင် RESCUE ခေတ္တရပ်နားမည်

မော်လမြိုင် ဈေးကြိုအဝိုင်း၌ လွန်ခဲ့သည့်ညက မတော်တဆမှုတစ်ခုသွားရောက်ကူညီခဲ့ရာမှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးခြင်းခံရသောကြောင့် ညမထွက်ရအမိန့်သတ်မှတ်ချိန်ပိုင်းအတွင်း အရေးပေါ်ကူညီမှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင် RESCUE အရေးပေါ်လူနာကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မော်လမြိုင်၊ ကျိုက်ထို၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် တို့တွင် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။

“မနေ့ညက ဈေးကြိုအဝိုင်းမှာ အက်စ်စီးဒန့်တစ်ခုဖြစ်လို့ အကူညီတောင်းလာတယ်၊ ပြီးတော့ ကားတစ်စီး အဖွဲ့သားလေးယောက်နဲ့ သွားတယ်၊ တကယ်လို့ ည ၈ နာရီကျော် မသင်္ကာလို့စစ်ဆေးရင်လဲ တမျိုးပေါ့နော် ခုက ည ၇ နာရီကျော်ကျော်လေးပဲ ရှိသေးတယ် အကျိုးအကြောင်းမေးမြန်းလဲ မေးမြန်းပေါ့နော်၊ ခုက ကလေးတွေကို ကားပေါ်ကနေ အတင်းဆင်းခိုင်းပြီးတော့ လမ်းဘေးမှာ ဒူးထောက်လက်မြှောက်ခိုင်းတယ် ဖုန်းတွေလည်း အစစ်ဆေးခံရတယ်၊ ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလို့တော့ ထင်တာပေါ့နော်” ဟု ကိုဇင်မိုးက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ပထမအပတ်တွင် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည်လည်း ရန်ကုန်သို့လူနာ ပို့ပြီးအပြန် ည ၈ နာရီကျော်အချိန်ခန့်၌ မော်လမြိုင် ဈေးကြိုအဝိုင်းတွင် ကားနှင့် ယာဉ်မောင်းများ၏ဖုန်းလည်း အစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့်အခြေအနေကြောင့် မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းနှင့် အေးမြကြည်လင် အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းများသည်လည်း ညမထွက်ရအမိန့်သတ်မှတ်ချိန်အတွင်း အရေးပေါ်ကူညီကယ်ဆယ်မှုများ ရပ်နားထားမည်ဖြစ်ကြောင်း ၎င်းတို့အသင်း၏ လူမှုကွန်ရက်စာမျက်နှာအသီးသီးပေါ်တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

“ည ၇ နာရီမှ နံနက် ၅ နာရီအထိ မည်သည့်အရေးပေါ်လူနာ ပို့ဆောင်လမ်းကြောင်းကိစ္စများအား အကူအညီပေးတော့မည်မဟုတ်ကြောင်း၊ မော်လမြိုင်မြို့သူ မြို့သားအနေဖြင့် နားလည်ခွင့်လွတ်ပေးနိုင်ပါရန် မေတ္တာရှေ့ထား အနူးအညွတ်တောင်းပန်အပ်ပါတယ်” ဟု ဘိုဘိုဝင်းအရေးပေါ်လူနာကယ်ဆယ်ရေးအဖွဲ့မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

သို့ရာတွင် အထက်ဖော်ပြပါ ညပိုင်းအချိန်များမှအပ ကျန်နေ့ပိုင်းများတွင် ပုံမှန်အတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...