ကချင် သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲလိုက်ပြီ

ကချင် သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲလိုက်ပြီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်နှစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲလိုက်ပြီဟု သိရသည်။

မြစ်ကြီးနားအခြေဆိုက် The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်းထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသားသတင်းထောက် ကိုလရော် တို့ ဧပြီလ ၁ ရက်နေ့ (ယနေ့) တွင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

The 74 Media သတင်းဌာန မှ တာဝန်ရှိသူတစ်ဦးက “၅၀၅ (က) နဲ့ တရားစွဲလိုက်တာ ဟုတ်ပါတယ်။ လော လောဆယ်က သူတို့ကို အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားတယ်။ မနက်ဖြန်ကိုက ထောင်ကြီးကို  ပို့မယ်ဆိုတာမျိုး အဲ့ လောက်ပဲ သိသေးတယ်။ နောက်ဆုံးအခြေအနေက တရားစွဲဆိုခံထားရတယ်ဆိုတာမျိုးပဲ သိထားသေး တယ်” ဟု ပြောသည်။

မတ်လ ၂၉ ရက်နေ့ က မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်း ခံရပြီး နောက် သတင်းထောက်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။

သတင်းဌာန တာဝန်ရှိသူများက သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ပြောသည်။

“သူတို့ က အခုလို ပုဒ်မတပ်ပြီး တရားစွဲလိုက်ပြီဆို တော့ ကိုယ့်ဘက်က လုပ်နိုင်တာက တရားရင်ဆိုင်ဖို့ ရှေ့ နေ ငှားရမယ်။ အခုလောလောဆယ် တဖက်က ပုဒ်မတပ်ပြီးဆိုတော့ တရားရင်ဆိုင်သွားဖို့ပဲ ရှိတာပါ။”

The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်းထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသား သတင်းထောက် ကိုလရော် တို့ကို ဧပြီလ ၂ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းမှ မြစ်ကြီးနားထောင်သို့ ပို့ဆောင် မည်ဟုလည်း သိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်စီရင်ခံရလျှင် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်း ကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ် အောင်နှင့် ကင်မရာမန်း ကိုနောင်ဆိုင်း၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်နှင့် ထာဝရငြိမ်းချမ်းရေး ကွန် ယက် (EPN) က ကိုရန်ကောင်းနှင့် ကိုဝေယံတို့ အဖမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း The 74 Media သတင်းဌာနက ကိုပေါင်လန်းတောင် တို့ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖမ်းခံရမှုများတွင် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် ပြန်လွှတ် လာခဲ့ကြသော်လည်း  ယခုအကြိမ်တွင် ပြန်လွတ်လာခြင်းမရှိပဲ တရားစွဲဆိုခံရခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံရသည့် သတင်း ထောက် ၅၆ ယောက် ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများ အရ သိရသည်။

ထို့အပြင် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းဌာန ၅ ခုရှိပြီး တရားစွဲခံထားရသည့် သတင်းဌာန တစ်ခုရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...