တားဆီးမှုများရှိနေသဖြင့် ထိခိုက်ဒဏ်ရာအရေးပေါ်လူနာများအား ကယ်ဆယ်ရေးအခက်အခဲဖြစ်

တားဆီးမှုများရှိနေသဖြင့် ထိခိုက်ဒဏ်ရာအရေးပေါ်လူနာများအား ကယ်ဆယ်ရေးအခက်အခဲဖြစ်

လုံထိန်းတပ်ဖွဲ့ဝင်များ၏ တားဆီးပိတ်ပင်မှုများရှိနေသဖြင့် မော်လမြိုင်မြို့ပေါ် ဆန္ဒပြပွဲများတွင် ထိခိုက်ဒဏ်ရာရရှိသည့် အရေးပေါ်လူနာများကို သွားရောက်ကယ်ဆယ်ရာတွင်  အခက်အခဲများဖြစ်ပေါ်လာကြောင်း လူမှုကယ်ဆယ်ရေးအသင်းများက ပြောသည်။

မော်လမြိုင်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံတစ်ဦးက “ကျနော်တို့က ဆန္ဒပြပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကို သွားကယ်နေတော့ ကျနော်တို့ကို ပစ်မှတ်ထားပြီးတော့ တားဆီးတာတွေ ပိတ်ပင်တာတွေရှိတယ်၊ ပြီးတော့ ကြက်ခြေနီတွေကိုလည်း တားဆီးတာတွေရှိတယ် ခက်ခက်ခဲခဲနဲ့ ကယ်နေရတယ်” ဟု ဆိုသည်။

သို့ရာတွင် ကျိုက်ဖနဲ ၁၆ နယ်မြေ အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းသည် လက်ရှိအချိန်တွင် လုပ်ငန်းရပ်နားထားသော်လည်း ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း၊ မော်လမြိုင် RESUCE အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း၊ အေးမြကြည်လင် အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း၊ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းတို့ ဆက်လက်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

“လုံထိန်းတွေနဲ့ ထိပ်တိုက်မတွေ့ရအောင် ကျနော်တို့ရှောင်ပြီးဝှက်ပြီးတော့ သွားနေရတာပေါ့နော်၊ ကားလည်းဝင်လို့မရတော့ ဆိုင်ကယ်နဲ့ပဲ လူနာတွေကို ဝှက်ပြီးတော့ ကယ်ထုတ်နေရတယ် ပေါ်တင်ကယ်ထုတ်တာတို့တော့ လုပ်လို့မရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထို့အတူ မွန်ပြည်နယ်က မြို့နယ်အချို့တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ည ၈ နာရီနောက်ပိုင်း အရေးပေါ်လူနာများကို သွားရောက်ကူညီကယ်ဆယ်ရန်အတွက်လည်း အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟု ကယ်ဆယ်ရေးသမားများ ဆိုသည်။

အရေးပေါ်လူနာပို့ပြီးအပြန် ဖမ်းဆီးခံခဲ့ရသည့် ကျိုက်ခမီ ဟိတကာရီ ပရဟိတအသင်းမှ ကယ်ဆယ်ရေးဝန်ထမ်း ၂ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့် မတ်လ ၁၅ ရက်နေ့က သံဖြူဇရပ်မြို့နယ် တရားရုံး၌ စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ် (၁) လ ချမှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် အရေးပေါ်လူနာ ကူညီကယ်ဆယ်ရေးများကို အဆိုပါအသင်းမှ ရပ်နားထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် နွေဦးတော်လှန်ရေး  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲလှုပ်ရှားမှုတွင် လုံထိန်းတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားနှင့် ဖမ်းဆီးခံရသူများလည်း ရှိကြသော်လည်း အရေအတွက်မည်မျှရှိသည်ကို သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်များ မတွေ့ရသေးပေ။ 

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...