လက်ရှိဖြစ်ပွါးနေသည့် တိုက်ပွဲသည် ပြည်သူကို ထိခိုက်လာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဟု KIA ပြော

လက်ရှိဖြစ်ပွါးနေသည့် တိုက်ပွဲသည် ပြည်သူကို ထိခိုက်လာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဟု KIA ပြော

အာဏာသိမ်းစစ်တပ်နှင့် KIA တို တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIAအနေဖြင့် ပြည်သူများအား ထိခိုက်နစ်နာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဖြစ်ကြောင်း KIAမှ ဒုတိယ ဗိုလ်မှူးကြီးတန်ဆန့်ကပြောသည်။

ဖားကန့်မြို့နယ်အတွက် တိုက်ပွဲများဖြစ်ပွါးနေသည့်အပေါ် ဒုတိယ ဗိုလ်မှူးကြီး တန်ဆန့်ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

” ဖားကန့်တွေမှာ ပြည်သူတွေကို ရဲ‌တွေသတ်ပစ်တာမျိုးတွေ၊ ဒဏ်ရာရတာတွေရှိလာတော့ သူတို့ဆက်လုပ်ရင် ကျွန်တော်တို့လည်း လုပ်မယ်ဆိုတယ် အချက်ပြတဲ့အဆင့်လောက်ပဲ လုပ်တာ။ သူတို့ဘက်က အရမ်းလွန်လာရင် ကျွန်တော်တို့လည်းသေချာ ဆန့်ကျင်သွားမယ်။ မြို့ကိုလည်း ၀င်သင့်ရင်၀င်သွားမယ်ဆိုတဲ့သဘောပဲ။ အဓိက ကတော့ ပြည်သူတွေကို မထိရင်ဘာမှမဖြစ်ဘူး။ ထိရင်တော့ ကျွန်တော်တို့ KIO/KIAအနေနဲ့ လက်မခံနိုင်ဘူးဆိုတာပါပဲ။” ဟု ၎င်းကပြောသည်။

ယနေ့ နံနက် ၆:၄၅ မိနစ်ခန့်ကလည်း ဖားကန့် မြို့နယ်၊ ကံဆီးကျေးရွာရှိ အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းမှ KIAတပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးအား လမာဘွမ်တောင်အား ပစ်ခတ်ခဲ့သည်ဟု သိရပြီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

“ဒီမနက် (၇)နာရီထိုးဖို့ (၁၅)မိနစ်မှာ စစ်တပ်ကဗျူဟာကုန်းကနေ KIAရှိရာကို ပစ်တာ။ ထိခိုက်မှုဘာမှမရှိဘူး။ လမာဘွမ်းဆိုတဲ့တောင်ဘက်ကိုပစ်တာ။ ရွာသူ/သားတွေက လက်နက်ကြီးသံ မြည်လို့ လန့်နေကြတယ်။ “ဟု ၎င်းကပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် ကချင်ပြည်နယ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း မြစ်ကြီးနားမှ (၂)ဦး ဖားကန့်မှ တစ်ဦး စုစုပေါင်း ပြည်သူ(၃) ဦး သေဆုံးခဲ့ပြီး မတ်လ (၁၁) ရက်နေ့မှ စတင်ကာ စစ်တပ်နှင့်KIAတပ်ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...