ပရဟိတစေတနာ့ဝန်ထမ်းနှစ်ဦး၏ ဖုန်းအချက်အလက်ကြောင့် ထောင်ဒဏ်တစ်လစီ ချမှတ်ခံရ

ပရဟိတစေတနာ့ဝန်ထမ်းနှစ်ဦး၏ ဖုန်းအချက်အလက်ကြောင့် ထောင်ဒဏ်တစ်လစီ ချမှတ်ခံရ

ကျိုက္ခမီမြို့ ဟိတကာရီ ပရဟိတအသင်း စေတနာ့ဝန်ထမ်းများဖြစ်သော အောင်နိုင်စိုး(ခ)ကိုတရုတ်နှင့် အောင်လင်းထက်(ခ)ကိုဝတုတ်တို့၏ ဖုန်းအတွင်းရှာဖွေတွေ့ရှိသည့်အချက်အလက်ကြောင့် ပုဒ်မ ၁၈၈ ဖြင့် စွဲချက်တင်ခံရပြီး ယမန်နေ့က သံဖြူဇရပ်မြို့နယ်တရားရုံး၌ ထောင်ဒဏ်(၁)လစီ ချမှတ်ခံရကြောင်း သတင်းရရှိသည်။

ပိုးထိလူနာတစ်ဦးအား မော်လမြိုင်မြို့ ကုတင်(၃၀၀) စစ်ဆေးရုံသို့ လွန်ခဲ့သည့် မတ်လ ၁၀  ရက်နေ့ညနေပိုင်းအချိန်ပို့ဆောင်ပြီးပြန်လာစဉ် ကျိုက်ခမီမြို့အဝင် ရာမာန်ဆီဆိုင်၌ စစ်သားများက ခေါ်ဆောင်ခဲ့ပြီးနောက် ၎င်းတို့၏ ဖုန်းအတွင်း နိုင်ငံရေးဓါတ်ပုံ စာသားများတွေရှိသည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဟိတကာရီပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အစတုန်းက သူတို့က ၅၀၅ (က)နဲ့စွဲမယ်လိုတော့ပြောလာတယ်၊ ၅၀၅ ဆိုတော့ သိတဲ့အတိုင်းပဲထောင်ဒဏ်တွေက နှစ်နဲ့ချီတယ်ဆိုတော့၊ အဲဒါနဲ့ နောက်တစ်ခေါက်စဉ်းစားပေးဖို့ ဒီအောက်ကလူကြီးတွေကို မေတ္တာရပ်ခံပေးဖို့ အကူညီတောင်းလိုက်တော့ လူကြီးတွေက သွားပြောပေးတယ်၊ ပုဒ်မ ၁၈၈ လျှော့ပေးလိုက်တော့ ခုလိုထောင်ကျသွားတယ်ဆိုပါတော့ဗျာ” ဟု ၎င်းက ဆိုသည်။

ရာဇသတ်ကြီးပုဒ်မ-၁၈၈အရ ပြည်သူ့ဝန်ထမ်းကထုတ်ပြန်သည့် အများပြည်သူနှင့်သက်ဆိုင်သောအမိန့်ကို ဖီဆန်လျင် တစ်လထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လူနာတင်ယာဉ်များ နေ့ဘက်သွားလာရာတွင် ရဲစခန်းထောက်ခံစာ၊ ဆေးရုံမှလွှဲစာ၊ မည်သည့်ဆရာဝန်မှလက်ခံကြောင်း၊ ကားနံပါတ် အသင်းအဖွဲ့အမည်၊ အမှန်တကယ်သွားရောက်ပြသခဲ့ကြောင်း ထောက်ခံစာအပြည့်အစုံရှိသော်လည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းထားသည့် ကာလတွင်း လူ့အခွင့်အရေးဆိုင်ရာ ပုဒ်မများ ဖြစ်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပုဒ်မ ၃ ခု ကိုလည်း ခေတ္တ ဆိုင်းငံ့ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာထားသည်။

လတ်တလောနိုင်ငံရေးအခြေအနေကြောင့် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို သံဖြူဇရပ်မြို့နယ်အပါအဝင် မော်လမြိုင်၊ ရေး၊ ချောင်းဆုံ၊ ပေါင်နှင့် ဘီးလင်းမြို့တို့တွင် ထုတ်ပြန်ထားသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...