အရေးပေါ်လူနာများအတွက် မုဒွန်းကျေးရွာတွင် ယာယီဆေးကုသဌာန ဖွင့်လှစ်ထား

အရေးပေါ်လူနာများအတွက် မုဒွန်းကျေးရွာတွင် ယာယီဆေးကုသဌာန ဖွင့်လှစ်ထား

ဗညားပိုင် - ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသောကြောင့် မော်လမြိုင်မြို့ပေါ် ဆေးရုံကြီးအချို့ ပိတ်လိုက်ရသဖြင့် အရေးပေါ်လူနာများကို ကုသနိုင်ရန် ရည်ရွယ်ပြီး မုဒွန်းကျေးရွာတွင် ယာယီစေတနာ့ဆေးကုသဌာန ဖွင့်လှစ်ခဲ့သည်ဟု ကြီးကြပ်ရေးအဖြစ် တာဝန်ယူနေသော ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ် ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်) မုဒွန်းကျေးရွာတွင် အများပြည်သူ ဆေးကုသနိုင်ရန်အတွက် တိုက်ကျောင်းဆရာတော် ဦးဆောင်၍ ယာယီစေတနာ့ဆေးကုဌာနတစ်ခုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 “နိုင်ငံရေးအခြေအနေကြောင့် ဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအများစုက ဆေးရုံမလာကြဘူး၊ တချို့ ရှိတော့ရှိပါတယ် ဒါပေမယ့် လူနာကို ကုသဖို့ကတော့ အခက်အခဲဖြစ်လာတာပေါ့၊ တချို့ဆို အက်စီးဒန့်ဖြစ်ပြီး ဘယ်ကိုပို့ရမှန်းမသိဘူး၊ မြို့ပေါ်က ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်တွေက CDM မှာ ပါဝင်နေကြတယ်ဆိုတော့ သွားရောက်ကုသဖို့ကလဲ အဆင်မပြေဘူး။ အဲ့ဒါကြောင့်ပဲ ကျနော်တို့တတွေ တိုင်ပင်ပြီးတော့ ဒီဆေးကုသဌာနကို ဖွင့်ဖြစ်ခဲ့တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ယင်းဆေးကုသဌာနတွင် စေတနာ့ဆရာဝန်များ၊ သူနာပြုဆရာ/ ဆရာမနှင့် လူငယ်အကျိုးဆောင်အဖွဲ့များက ကူညီဆောင်ရွက်နေကြောင်း၊ လတ်တလော၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နေ့စဉ်ဖွင့်လှစ်ထားကြောင်း သိရသည်။

မုဒွန်းကျေးရွာနေ နိုင်ညွန့်သင်းက “ခုက ဆေးရုံတွေပိတ်ထားတယ် မော်လမြိုင်မှာရောပဲ ဘယ်နေရာဖြစ်ဖြစ် ပိတ်ထားတယ်၊ ဒီမှာကတော့ ဘယ်ရွာကနေပဲလာလာ အားလုံးလာကုလို့ရတယ်၊ ပြီးတော့ လူနာတွေအတွက် စေတနာ့ဆေးကုဌာနဆိုတော့ ပိုပြီးတော့ အဆင်ပြေပါတယ်”ဟု ပြောသည်။

အလားတူ ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာတွင် ကိုရင်လေးဆရာတော် ဦးဆောင်သည့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတစ်ခု ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက်ကုသသည့်လူနာများပြားလျှက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့အပါအဝင် နယ်မြို့များအားလုံးတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိပြီး CDM လှုပ်ရှားမှုတွင်လည်း ကျန်းမာရေးဝန်ထမ်းအများစု ပါဝင်နေသဖြင့် မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးနှင့် မော်လမြိုင်အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့တွင် ဆေးကုသမှုနှင့် ဆေးရုံလုပ်ငန်းများ ရပ်နားထားကြောင်း တွေ့ရှိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...