အပစ်ရပ်အဖွဲ့များ ခေါင်းဆောင်က စစ်အစိုးရ လုပ်ရပ်များအား ရှုတ်ချ

အပစ်ရပ်အဖွဲ့များ ခေါင်းဆောင်က စစ်အစိုးရ လုပ်ရပ်များအား ရှုတ်ချ

အာဏာသိမ်း စစ်အစိုးရ၏ ဥပဒေ ထုတ်ပြန်ချက်များသည် အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်း လိုက်ပြီး ပြည်သူများ၏ လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်လိုက်ခြင်းဖြစ်သည်ဟု NCA အပစ် ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ယနေ့တွင် ပြုလုပ်သည့် PPST ၏ အထူးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် PPST ယာယီ ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “တစ်ဖက်မှာလည်း အာဏာသိမ်းတဲ့ အရေးအပေါ်အခြေအနေ ထုတ်ပြန်တဲ့ ကာလ အတွင်း အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမယ့် ခေတ်ကာလနဲ့ မလျော်ညီတော့တဲ့ ဥပဒေများအား စစ် အစိုးရက ဆင့်ကဲ ဆင့်ကဲ ထုတ်ပြန်ပြဌာန်းခြင်းဟာ ဖက်ဒရယ်၊ ဒီမိုကရေစီစံနှုန်းများနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းတဲ့ ဆောင်ရွက်ချက်များပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်စေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတို့ရဲ့ လွတ်လပ်မှု အားလုံးကို ကန့် သတ်ချုပ်ချယ်လိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

RCSS အနေဖြင့် တပ်မတော်၏ အာဏာသိမ်းမှုကို လက်မခံ၍ နည်းလမ်းပေါင်းစုံနှင့် ဆန္ဒထုတ်ဖော်နေကြသည့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ မားမားမတ်မတ် ရပ်တည်အားပေးထောက်ခံသွားမည်ဟု ဆိုသည်။

စစ်အာဏာသိမ်းခြင်းကို မလိုလားသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ ပြည်သူများမှ ဆန္ဒထုတ်ဖော်မှုများ ကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ကြပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် များ က လိုက်လံဖမ်းဆီးမှုများနှင့် အကြမ်းဖက်ဖြိုခွင်းမှုများကို မလုပ်ဆောင်ရန် ဗိုလ်ချုပ်ကြီးယွက်စစ်က ယခုကဲ့သို့ တောင်းဆိုသည်။

၎င်းက “ဆန္ဒပြထုတ်ဖော်ပွဲများနဲ့ Civil Disobedience Movement အာဏာဖီဆန်ရေး လူထုအုံကြွ လှုပ်ရှား မှု တို့တွင် ပါဝင်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များကို ညအချိန်မတော်အတွင်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေမဲ့ လိုက်လံဖမ်းဆီးခြင်းများကို ရပ်တန့်ပြီး ဖမ်းဆီးထားသိမ်းထားတဲ့ သူများအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြခြင်းကို အကြမ်းမဖက်နည်းမလမ်းများနဲ့ မဖြိုခွင်းဖို့ အလေး အနက်တောင်းဆိုပါတယ်” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် PPST ၏ အထူးအစည်းအဝေးတွင် လူထုရွေးကောက်ခံ အစိုးရ မပေါ်ပေါက်သေးမီ အာ ဏာသိမ်းစစ်အစိုးရ အုပ်ချုပ်သည့်ကာလတွင် NCA စာချုပ်၏ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ယာယီဆိုင်းငံ့ထားသင့်၊ မထားသင့် တစ်ဖွဲ့ချင်းနှင့် ဆိုင်သည့် နှစ်ဖက်သဘောတူစာချုပ် (Bilateral Agreements) များကို အခြေခံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက် လက်အကောင်အထည်ဖော်သင့်၊ မဖော်သင့် စသည်များကို ဆွေးနွေညှိနှိုင်း ဆုံးဖြတ်သွားမှာ ဖြစ်သည်ဟု သိရသည်။

ထို့ပြင် လာမည့် အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် ချပြဆွေးနွေးနိုင်ရန် NCA-s EAO များ၏ ဖက်ဒရယ် အခြေခံမူများကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည့်အပြင် လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ကိုက်ညီမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်သွားမည်ဟု ဆိုသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...