မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူမည်

မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူမည်

တပ်မတော်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး ကမ်းလှမ်းချက်အပေါ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီသို့ တင်ပြသွားရန် မကြာမီရက်ပိုင်းအတွင်း အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပသွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် နိုင်လယိတမက ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို MUP လက်ခံကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အရေးပေါ် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

MUP ပြောခွင့်ရ နိုင်လယိတမက “ကျနော်တို့ EC ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီသို့ အစီရင်ခံတင်ပြတာပါ၊  ဒါက ပါတီရဲ့လုပ်ရိုးလုပ်စဉ်ပါပဲ ECဆုံးဖြတ်ချက်ကို အဲဒီအစည်းအဝေးမှာပြန်လည်းသုံးသပ် ဆွေးနွေး ဆုံးဖြတ်ကြတာပေါ့” ဟု ဆိုသည်။

သို့ရာတွင် ယခုကဲ့သို့အခြေအနေရှုပ်ထွေးနေသည့်အနေအထားမျိုးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ MUP ပါဝင်သွားမည့်ကိစ္စအား မိမိတို့ပါတီ EC များတွင် လက်မခံသင့်သည့်ဘက်မှ ကန့်ကွက်သူ ၁၀ မဲ ကြားနေသူ ၂ မဲနှင့် ထောက်ခံသူ ၂၆ မဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း  ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျနော်တို့ပါတီဟာ ပေါင်းစည်းပြီးတော့ ဖြစ်တည်လာတဲ့ပါတီတစ်ခုဖြစ်တဲ့အခါကျတော့ စည်းလုံးညီညွတ်မှုပျက်ပြားသွားမှာ ကျနော်အရမ်းစိုးရိမ်မိတယ် အခုပါတီဝင်တွေထဲမှာ လက်ခံတယ် လက်မခံဘူးဆိုတဲ့လူက အများကြီးရှိနေတယ် ဘာပြောပြော ဒါကြီးကိုကျနော်တို့ဆုံးဖြတ်လိုက်တာနဲ့ ပါတီမှာတော်တော်ဂယက်ရိုက်သွားတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ မြို့ပေါ်များတွင် အရှိန်မြင့်တက်လာသဖြင့် လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပါတီဗဟိုကော်မတီအရေးပေါ်အစည်းအဝေး ပြုလုပ်ရန် လျာထားသည်ဟုဆိုသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

ထို့အပြင် စစ်အစိုးရဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကမ်းလှမ်းချက်လက်ခံလိုက်သည့်ကိစ္စအား ပြန်လည်သုံးသပ်ပေးရန် မော်လမြိုင်မြို့ MUP ဗဟိုဌာနချုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ပါတီထောက်ခံသူလူငယ်တစ်စုလာရောက်၍  ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြောင်း ကြားသိရသည်။

ဆန္ဒပြသူ နိုင်စဝေါမွန်က "မွန်ညီညွတ်ရေးပါတီက စစ်အစိုးရအဖွဲ့မှာ ပါဝင်ဖို့ မသင့်ပါဘူး။ ပါတီအနေနဲ့ လက်ခံလို့ကိုမရဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ လက်ခံရင် လက်ခံပါ။ ပါတီနဲ့မ ဆိုင်ဘူး။ အဲတော့ မွန်နိုင်ငံရေးသမား မျိုးဆက်သစ်တွေရဲ့ ဂုဏ်သိက္ခာအတွက် မွန်ညီညွတ်ရေး ပါတီအနေနဲ့ ပြန်လည် ထိန်းသိမ်းပေးပါ။ အမျိုးသားနိုင်ငံရေးဂုဏ်သိက္ခာကို ပြန်ထိန်းပေးပါ"ဟု ဆိုသည်။

သို့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်ပတ်သက်သည့် ပါတီ CEC ၏ ဆုံးဖြတ်ချက်ကို အထင်ကရ မွန်ဆရာတော်များအား MUP ထိပ်ပိုင်းခေါင်းဆောင်များ ရှင်းလင်းခဲ့သည့်အပေါ် ဆရာတော်များ သဘောတူလက်ခံကြောင်း MUP Facebook သတင်းက ဖော်ပြသည်။  

 ထို့အတူ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဗဟိုကော်မတီဝင်များနှင့် ပါတီဝင်အားလုံးအနေဖြင့် အမြင်သဘောထားများကွဲလွဲမှုမရှိစေဘဲ စည်းလုံးညီညွတ်စွာဖြင့် ပါတီရှေ့လုပ်ငန်းများကို အတူတကွ ဆက်လက်အကောင်အထည်ဖော်သွားကြရန် မွန်ဆရာတော်ဘုရားကြီးများက ယမန်နေ့တွင် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...