စစ်အာဏာသိမ်းဆန့်ကျင်ရေး ထောင်သောင်းနှင့်ချီသော မော်လမြိုင်မြို့ခံများ ဆန္ဒထုတ်ဖော်

စစ်အာဏာသိမ်းဆန့်ကျင်ရေး ထောင်သောင်းနှင့်ချီသော မော်လမြိုင်မြို့ခံများ ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ထောင်သောင်းနှင့်ချီသော ဒေသခံပြည်သူများက စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ရေး ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က စတင်ပြီး သိပ္ပံလမ်းထိပ်မှ စတင်ကာ လမ်းလျှောက်ခြင်း၊ ဆိုင်ကယ်နှင့် ကားများဖြင့် မော်လမြိုင်မြို့ အနှံ့ ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

အင်အားထောင်သောင်းချီပါဝင်သော မော်လမြိုင်မြို့ ဒေသခံပြည်သူများ၊ NLD ပါတီ ထောက်ခံဝန်းရံသူများ၊ လူမှုကူညီကယ်ဆယ်ရေး ပရဟိတ အဖွဲ့အချို့နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းပြီး မြို့တစ်ပတ်လှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် "စစ်အာဏာရှင် ကျဆုံးရေး....... ဒို့အရေး၊ ဒီမိုကရေစီ ရရှိရေး....... ဒို့အရေး၊ နိုင်ငံတော် သမ္မနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အား ပြန်လွှတ်ပေးရေး....... ဒို့အရေး" စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

အလားတူ ယမန်နေ့ မော်လမြိုင် အောက်လမ်းမကြီး မှတဆင့် ဒိုင်ဝန်ကွင်း၊ လမုတန်းနှင့် လှိုင်ရပ်ကွက်ထိ လမ်းလျှောက်ဆန္ဒပြခြင်း၊ ဆိုင်ကယ်နှင့် ကားများဖြင့် လိုက်ပါဆန္ဒပြသူများတွင် လူဦးရေထောင်ဂဏန်းကျော်ရှိသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် သံဗုံးတီးခြင်း၊ ကား ဆိုင်ကယ်များဖြင့် မြို့တစ်ပတ် လှည့်လည် ဆန္ဒထုတ်ဖော်မှုများကို မော်လမြိုင်မြို့ပေါ်၌ နေစဉ် ည ၈ နာရီအချိန်တွင် ပြုလုပ်လျှက်ရှိကြောင်း တွေ့ရသည်။

မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ပေါင်၊ သံဖြူဇရပ်၊ ကျိုက်ခမီမြို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိမြို့များ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးအပါအဝင် နိုင်ငံအနှံ့ ဆန္ဒပြမှုများ အရှိန်မြင့်ပြုလုပ်နေကြောင်း Internet လိုင်းပေါ်များပေါ်မှ သတင်းရရှိသည်။  

July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...
July 6, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန်...
ဓါတ်ပုံ - Facebook
July 3, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်း၌ အသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက်စက်...