ဖားကန့်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက တပ်မတာ်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ ဖေဖေါ်ဝါရီလ (၄)ရက်နေ့နံက် (၁၁)နာရီကျော်က ဖားကန့်ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ ဖဲကြိုးနီ ကန်ပိန်းပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည် ။
ဖားကန့်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း သုံးဆယ်နီးပါးက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်ရခြင်းသည် ပြည်သူ့ဆန္ဒမဲများနှင့် ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဆီမှ အာဏာ သိမ်းယူခဲ့ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုလုပ်ငန်းတွေများအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖားကန့်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောသည် ။
” ပြည်သူ့ဆန္ဒမဲနဲ့ ရွေးချယ်အနိုင်ရတဲ့ ပြည်သူ့အစိုးရဆီကနေ အခုလို အာဏာသိမ်းယူခဲ့တာကို ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက်တာပါ ။ကျန်တာကတော့ ပြောစရာမရှိပါဘူး “ဟု ဖားကန့်မြို့နယ် ဒေါက်တာမင်းလွင်က ရှင်းပြသည်။
ဖားကန့်ဆေးရုံဝန်ထမ်းများအနေဖြင့် မိမိတို့ဆန့်ကျင်ကြောင်း ဆန္ဒသဘောထားကိုသာ ထုတ်ဖော်ခြင်းဖြစ်ပြီး အလုပ်ထွက်ခြင်းမျိုးအား ၎င်းတို့အနေနဲ့ ပြုလုပ်မည်မဟုတ်ကြောင်း ဒေါက်တာမင်းလွင်က ဆက်လက်ပြောသည်။
” အလုပ်ထွက်ရင် ပြည်သူတွေပဲ နစ်နာကြမှာမို့ ကျွန်တော် အနေနဲ့ကတော့ ဆက်ပြီး လုပ်စရာရှိတာ လုပ်မှာပါ ။ ကျန်တဲ့လူတွေကတော့ သူတို့လွတ်လပ်ခွင့်နဲ့ သူတို့ လုပ်ခွင့်ရှိပါတယ် “ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။
ဖေဖေါ်ဝါရီလ (၁) ရက်နေ့က တပ်မတော်၏ အာဏာသိမ်းမှုအပေါ်မကျေနပ်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖော်ဖော်ဝါရီ (၃) ရက်နေ့ ည(၈)နာရီအချိန်ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူ ၊လုံးခင်းအပါအဝင် မှော်ရွာများတွင်လည်း သံပုံးတီးခြင်း ၊ဒန်အိုးဒန်ခွက်တီးခြင်းများနှင့် အာဏာသိမ်းယူမှုကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။







