အာဏာသိမ်းစစ်အစိုးရကို နိုင်ငံတကာအသိအမှတ်မပြုရန် KNU Concerned Group တိုက်တွန်း

အာဏာသိမ်းစစ်အစိုးရကို နိုင်ငံတကာအသိအမှတ်မပြုရန် KNU Concerned Group တိုက်တွန်း

စိုင်းထွန်းစံ — ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီ NLD ၏အာဏာကို တပ်မတော်မှ အဓမ္မသိမ်းယူလိုက်သောကြောင့် ပြင်းထန်စွာရှုံ့ချကန့်ကွက်လိုက်ပြီး အာဏာသိမ်းစစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းများမှ အသိအမှတ်မပြုရန် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် KNU Concerned Group က သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

 “အကောင်းဆုံး ဖြစ်ဖို့ကတော့ စစ်တပ်က အခုယူထားတဲ့ အုပ်ချုပ်ရေး အာဏာကို ပြန်အပ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆို ဒီရွေးကောက်ပွဲရလဒ်မှာ NLD ပါတီက အပြတ်အသတ်နိုင်ထားတာပေါ့။ အာဏာကိုပြန်လွှဲဖို့ အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဒါမှလည်း ဆက်ပြီးသွားလို့ရမယ်။ ပြန်မအပ်ဘူးဆိုရင် စစ်အစိုးရအဖွဲ့မှာလည်း တရားဝင်လည်း မဟုတ်ဘူး။ စစ်မှန်တဲ့အစိုးရ လက္ခဏာလည်း မဟုတ်ဘူး။ တရားဝင် အစိုးရလည်း မဟုတ်ဘူး” ဟု KNU Concerned Group ပြောခွင့်ရ နော်စီရာဖိုးစိန်က ဆိုသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်နှင့် NCA စာချုပ်ကို အခြေခံပြီး ကြိုးပမ်းခဲ့သော်လည်း လုံးဝပြင်ဆင်မရသည်ကို သက်သေပြခဲ့ပြီး ဖြစ်ကြောင်း KNU Concerned Group က ဆိုသည်။

“ကျွန်မတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့လေ NCA ထိုးထားတာရှိတာပေါ့လေ။ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ သူတို့မျှော်မှန်းထားတာက နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့အတွက် ဖြစ်တာပေါ့။ ဒါပေမယ့် ၅ နှစ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်မှုလည်း မျှော်လင့်သလိုမဖြစ်ပေါ်နိုင်ဘူးပေါ့လေ၊ NCA အပေါ် စစ်တပ်ရဲ့ မျှော်လင့်ချက်၊ စစ်တပ်ရဲ့ NCA အပေါ် တိုင်းရင်းသာတွေရဲ့ လိုလားတဲ့ အဖြေမဟုတ်ဘူးပေါ့လေနော်”ဟု နော်စီရာဖိုးစိန်က ပြောသည်။

တဖက်တွင်လည်း စစ်အာဏာသိမ်းပြီး ဖွဲ့စည်းထားသည့် အစိုးရ အုပ်ချုပ်ရေးလုပ်ငန်းများကို KNU Concerned Group လက်ခံမည်မဟုတ်ဘဲ ကရင့်တော်လှန်ရေးနယ်မြေအတွင်း မိမိတို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ချမှတ်ထားသည့် ကော်သူလေး အုပ်ချုပ်ရေးစနစ်နဲ့ အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ၍ ဆောင်ရွက်ထိန်းသိမ်း ကာကွယ်သွားရန် အထက်ပါကြော်ငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် DKBA၊ KNU/ KNLA PC၊ BGF စသည့်အဖွဲ့တွေလည်း  ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် KNLA တို့နှင့် ပူးပေါင်းပြီး ကော်သူလေးတပ်မတော် တစ်ရပ်အနေဖြင့် ကရင်အမျိုးသားများနှင့်အတူ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းထားကြောင်း တွေ့ရှိရသည်။

Most read this week

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...