စစ်ဘေးရှောင် ၃ ထောင်ကျော်ရှိသော ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေခက်ခဲနေ

စစ်ဘေးရှောင် ၃ ထောင်ကျော်ရှိသော ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေခက်ခဲနေ

ဇွဲဓန — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၃ ထောင်ကျော်ရှိသော ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ လုံလောက်မှုမရှိဖြစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ရေ ၁၅၀၀ လီတာဆံ့သော ရေတိုင်ကီ နှစ်လုံး တပ်ဆင်ထားသော်လည်း ၄င်းရေတိုင်ကီ၌ ရေပြည့်တင်းမှု မရှိသဖြင့် သောက်သုံးရေ အခက်ခဲဖြစ်နေကြောင်း စခန်းတာဝန်ခံ ကိုခိုင်မျိုးအာင်က နိရဥ္စရာသို့ ပြောသည်။

ကိုခိုင်မျိုးအောင်က̏  အခုလက်ရှိ ဇီးချောင်းဆည်က သွယ်ထားတဲ့ ရေပိုက်ကတစ်ဆင့် ကျနော်တို့ရွာကို ပေးထားတာရှိတယ်။ ရေတော့ ရောက်ပါတယ်။ သွယ်ထားတဲ့ ရေပိုက်က အရမ်းငယ်လွန်းတယ်။ လူဦးရေကလည်းများတဲ့အတွက် ရေသုံးစွဲမှု များတယ်။ ဒါကြောင့် ရေမလုံလောက်ဘူး။ သွယ်ယူထားတဲ့ ခရီးကလည်းဝေးတယ်ဆိုတော့ ကျနော်တို့ရွာကို ရေရောက်တဲ့အခါ နည်းနည်းပဲ ထွက်တယ်။ ရေရဖို့အတွက် တစ်ချို့က ညဉ့် နှစ်နာရီလောက်ကတည်းကနေ ရေ ခပ်ရတာရှိတယ်။ ဒီစစ်ဘေးရှောင်စခန်းကို ကျနော်တို့ရွာကနေတဆင့် သွယ်ထားရတာဆိုတော့ ကျနော်တို့ရွာမှာ ရေမလုံလောက်ဖြစ်နေတော့ သူတို့တွေလည်း အခက်အခဲဖြစ်တာပေါ့။ ̋ ဟုပြောသည်။

ထိုကျေးရွာ၌ ရေကန်ပေါင်း (၆)ကန်ရှိပြီး ၄င်းထဲမှ သောက်ရေအဖြစ် အသုံးပြု၍ရသော ရေကန်အား ကျေးရွာသားများနှင့် စစ်ဘေးရှောင်များက မှီခိုသုံးစွဲနေခြင်းဖြစ်သည်။ ကျန်သော ရေကန်များမှာ ရေခမ်းသွားသော ရေကန်နှင့် အသုံးပြု၍မရသော ရေကန်များဖြစ်သည်ဟု ရွာသားများက ပြောသည်။

သောက်သုံး၍ရသည့်ရေကန်ကို ယခင်က ရွာသားများသာသုံးစွဲခဲ့ကြသော်လည်း ယခုအခါ စစ်ဘေးရှောင်များကပါ မှီခိုသုံးစွဲနေရသည့်အတွက် ယင်းရေကန်အတွင်း ရေခမ်းခြောက်ကာ ရွာသားများနှင့် စစ်ဘေးရှောင်များပါ သောက်သုံးရေ ခက်ခဲလာကြခြင်းဖြစ်သည်။

အဆိုပါကျေးရွာအား သောက်သုံးရေ လုံလုံလောက်လောက်ရရှိစေရန် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်အတွက် တင်ထားပြီး ၄င်းဘတ်ဂျက်သည် မည်သည့်အချိန်တွင်ကျလာမည်ကို မသိရှိသေးကြောင်း ကျောက်တော်မြို့နယ်ကျေးလက်ဦးစီးဌာနရုံးမှ ဒု-လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ခိုင်ဇော်က ပြောသည်။

ဦးအောင်ခိုင်ဇော်က ̏ အခုက တင်ထားတုန်းပဲ ရှိသေးတယ်။ ဘယ်တော့ကျလာမှာ မသိသေးဘူး။ ကျနော်တို့ တင်ထားတာက အိမ်တိုင်ယာရောက် သုံးလို့ရအောင်ထိ တင်ထားတယ်။ ဒုက္ခသည်စခန်းအတွက် အဲသလိုတော့ သီးသန့်လုပ်ပေးရမယ်လို့ ကျနော်တို့မှာ ဘတ်ဂျက်မရှိဘူး။ နှစ်စဉ် ဘတ်ဂျက်နဲ့ပဲ လုပ်ပေးနေရတာ ဖြစ်တယ်။ ̋ ဟုပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မတ်လအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်းတွင် ကျောက်တော်မြို့နယ်မှ ကျေးရွာ ၂ဝ၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၁ ရွာနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကျေးရွာ ၅ ရွာတို့မှ စစ်ဘေးရှောင်လူဦးရေ ၃၄၁၃ ဦးနှင့် အိမ်ထောင်စု ၈၂၄ စု ရှိကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...