ပြည်နယ်များနှင့် တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူများကို ဖေဖော်ဝါရီလမှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး ကာကွယ်ဆေးထိုးပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ဆေးထိုးအုပ်စုများ၌ ဦးစားပေးအစီအစဉ်အလိုက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်၍ ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို ရက်သတ္တပတ် ၄ ပတ်ခြား၍ ၂ ကြိမ်ထိုးနှံရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့)တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် စာရင်းများ လိုက်လံကောက်နေသကဲ့သို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့အပြင် ပြည်နယ်နှင့် တိုင်းအသီးသီး တွင် ရပ်ကွက်အလိုက် လူဦးရေစာရင်းများအား လိုက်လံကောက်ခံနေပြီဟု သိရသည်။
“ကာကွယ်ဆေးထိုးဖို့ဆိုပြီးတော့ ဒီနေ့ပဲ စာရင်းလာကောက် သွား တယ် စာရင်းပေးလိုက်ပြီ၊ စာရင်းကောက် တာက ပုံစံဖြည့်ခိုင်းတာပေါ့ အမည် အသက် အလုပ်အကိုင် မိဘ ဘာညာ စသဖြင့်ပေါ့။ အဲဒါတွေ ဖြည့်ခိုင်း တယ်၊ ဘယ်နေ့ ထိုးရမလဲ ဘယ်လိုပုံစံနဲ့ထိုးရမလဲ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာမှတော့မပြောဘူး စာရင်း လာ ကောက်တာလောက်ပါပဲ” မော်လမြိုင် သီရိမြိုင်ရပ်ကွက်နေ ဦးသောင်း က ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်းက ရပ်ကွက်များတွင်လည်း COVID-19 ကာကွယ်ဆေးထိုးပေးနိုင်ရေး စာရင်း များ လိုက်လံကောက်ယူနေပြီဖြစ်သည်ဟု မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က ကိုအောင်မိုင် က ပြောသည်။
“ကျနော်တို့ဆီမှာတော့ မနေ့က နာမည်စာရင်းလာကောက်တယ်။ ဖောင်တစ်ခုဖြည့်ရတယ်။ နာမည်၊ မှတ်ပုံတင် အမှတ်၊ အလုပ်အကိုင်တွေ ဖြည့်ပေးရတယ်။ ဖုန်းနံပါတ်ရယ်၊ နေရပ်ရယ်ပေါ့။ ရပ်ကွက်က အုပ်စုမှူးတွေက လာကောက်တယ်။ ကိုဗစ်ကာကွယ် ဆေးထိုးပေးဖို့လို့ ပြောတယ်။ ဘယ်နေ့ထိုးပေးမယ်ဆိုတာတော့ မပြော ပါ ဘူး။ အထက်က စာရင်းကောက်ခိုင်း လာလို့ကောက်တာလို့ပဲပြောတယ်။”
ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်များအတွင်း ရပ်/ကျေးအဆင့်အလိုက် COVID-19 ကာကွယ် ဆေးထိုးနိုင်ရေးစာရင်းများကောက်ယူနေသကဲ့သို့ ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများကိုလည်း ကာကွယ်ဆေး များ စတင်ထိုးပေးနေပြီဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က “၂၄ ရက်နေ့က စာတွေဝင်လာတယ်။ တစ် ရက်၊ တစ်လ၊ ၂၀၀၃ ရှေ့ပိုင်းမွေးတဲ့လူအားလုံး ဒါကိုဇယားလေးပေးပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး အတွက်ကို ကြိုတင်စာရင်းပြုစုခိုင်းတာပေါ့။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးကနေတဆင့် ကွင်းဆင်း ကောက် နေပြီဖြစ်ပါတယ်။ ကိုဗစ်ဆေးဘယ်လောက်ရမယ်ဆိုတာတော့ သက်ဆိုင်ရာ ဗဟိုကနေပြီးတော့ ပြည် နယ်အစိုးရအဖွဲ့တွေကို ခွဲတန်းတော့ မသိရသေးပါဘူး။ အိမ်ထောင်စုစာရင်းထဲမှာ ပါရင်ရပြီလေ။ စာရင်းက ၂၆ ရက်နေ့ကို အပြီးကောက်ခိုင်းတယ်။ ၂၆ ရက်နေ့ကို ဘယ်လိုမှ မပြီးနိုင်ဘူး။ အသေးစိတ်ဆန်တာကို တစ်ဦးချင်း ဆီ သွားတာဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ၂၈ ရက်နေ့လောက်မှ ပြီးနိုင်မယ်လို့ ယူဆထားတယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့)တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးပေးနေသည့် COVID-19 ကာကွယ် ဆေးမှာ ဇန္နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ကို အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး တစ်သန်းခွဲထဲက ဖြစ် သည်။
ကာကွယ်ဆေးထိုးပြီးနောက် ပုံမှန်မဟုတ်သော လက္ခဏာများ ခံစားရပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသရန်၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန်ချိန်းဆိုသည့် နေ့ရက်၊ အချိန်၊ နေရာများသို့ မပျက်မကွက် သွားရောက်ထိုးနှံရမည်။
ကာကွယ်ဆေးထိုးပြီးနောက်တွင်လည်း ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်လည်း တိုက်တွန်းထုတ်ပြန်ထားသည်။
ဇန္နဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီအထိ ကောက်ခံရရှိသည့်စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ဓါတ်ခန်းခွဲအတည်ပြုလူနာ ၁၃၈,၃၆၈ ဦး၊ သေဆုံးသူ ၃၀၈၂ ဦးရှိပြီဟု ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။







