ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မြေမြုပ်မိုင်းနင်းမိပြီး ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။
ရှမ်းမြောက်ဒေသ၊ ကျောက်မဲမြို့နယ်အတွင်းက တော့ဆန်ကျေးရွာအုပ်စုအတွင်း ဇန္နဝါရီလ ၂၆ ရက်နေ့ ညနေ ပိုင်းက မြေမြုပ်မိုင်း နင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု တော့ဆန်ကျေးရွာက အုပ်ချုပ်ရေးမှူးက ပြောသည်။
“ဒေသခံ မိုင်းနင်းမိတာက တော့ဆန်ရွာကတော့ မဟုတ်ဘူး၊ အုပ်စုကတော့ တော့ဆန်ကျေးရွာအုပ်စုပေါ့၊ ရွာက တော့ ညောင်မောင်းကျေးရွာကပါပဲ။ သူ့အခြေအနေက တော်တော်ဆိုးတယ်။ အခုတော့ မြို့ပေါ်ရောက် သွား ပြီ။ ဖြစ်တာက မနေ့က ဒီမိုင်းနင်းမိတဲ့လူ က အလုပ်ကနေပြန်ခဲ့ပြီးတော့ မြင်းသွားရှာတယ်တဲ့။ မြင်းသွား ရှာ ရင်းနဲ့ အဲ့မှာ မိုင်းနင်းမိတာပါ။”
ထိုသူမှာ ယခုအခါ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှု ခံယူနေပြီး ၎င်း၏ အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု တော့ဆန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ခြေထောက်၊ ဒူးခေါင်း၊ တင်ပါး၊ ခါးနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ပြောသည်။
“နင်းမိတာက တောထဲမှာမဟုတ်ဘူးနော်။ ရွာအစပ်နားမှာပဲ။ သူ့ဒဏ်ရာ အခြေအနေကလည်း စိုးရိမ်ရတယ်။ သူ့ရဲ့ ခြေထောက်ရော၊ လက်နေရာရယ်၊ ခါးရယ် အားလုံးပဲ ဒီအောက်ပိုင်းပေါ့ ဒဏ်ရာရတာကနော်။ အခြေ အနေဆိုးတော့ ညတွင်းချင်းပဲ မြို့ကို ဆက်သွယ်ပြီး ကျောက်မဲဆေးရုံကို ပို့လိုက်တာပါ။ ဒီနေ့ သူ့ရဲ့ အခြေ အနေတော့ မသိသေးဘူးနော်။ မိုင်းနင်းမိတဲ့ လူက အသက် ၅၀ ကျော်လောက်ရှိပြီ။ ရှမ်းလူမျိုးပဲ၊ အမျိုးသား ပေါ့” ဟု တော့ဆန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ က တာဝန်ရှိသူတစ်ဦးကလည်း “ဒီနေ့ပဲ ကျနော်တို့ အသင်းက လူတွေလည်း ဆေးရုံမှာသွား ကြည့်ကြတယ်၊ ကျနော်ကတော့ မလိုက်သွားတော့ အခုအခြေအနေတော့ ဒီအသေးစိတ်တော့ မသိဘူးနော်” ဟု ပြောသည်။
နမ့်ဆန်မြို့နယ်အတွင်းက လုံတောက်ကျေးရွာမှ ဒေသခံတစ်ဦး ပြီးခဲ့သည့်လက မြေမြုပ်မိုင်းနင်းမိခဲ့သည့် အတွက် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာကြောင့် ယခုခါ လားရှိုးပြည်သူ့ ဆေးရုံ ကြီးတွေ ဆေးကုသမှု ခံယူနေရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ဖြစ်တာကတော့ ကြာပါပြီ၊ ဒီဇင်ဘာမှာဖြစ်တာ။ ဆေးကကောင်းကောင်းမကုနိုင်တော့ အနာက မသက်သာ ဘူး။ အခု ဒီလမှ လားရှိုးမှာဆေးလာကုတော့ ခြေထောက်က မရတော့ဘူးတဲ့။ အခုဖြတ်လိုက်ရတယ်။ မတတ် နိုင်ဘူး လေနော်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။”
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်အပြင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့် နေရာဖြစ်သည်။
၂၀၂၀ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး ဖြစ်ပွားခဲ့သည့် PSLF/TNLA နှင့် RCSS/SSA တို့၏ တိုက်ပွဲများ စစ် ရေးတင်းမာမှုများကြောင့် ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန္နဝါရီလ တတိယ အပတ်မှပဲ နေရပ်ကို ပြန်ခဲ့ကြရခြင်းသည်။
၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းဒဏ်ကြောင့် ဒေသခံပြည် သူ များ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အများဆုံးမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်သည် ဟုလည်း အရပ်ဘက်ဖွဲ့အစည်း အချို့က ထုတ်ပြန်ထားသည်။
လက်နက်ကိုင်အဖွဲ့အများဆုံးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများ၊ လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများအတွက် လုံခြုံမှု မရှိခြင်းကြောင့် လက်သည်မပေါ် သည့် လူသေဆုံးမှုများ၊ မိုင်းပေါက်ပွဲမှုများ၊ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများ၊ အမည်မသိလက်နက်ကိုင် များ၏ လာရောက်ပစ်ခတ်မှု၊ ဖမ်းဆီးခေါ်ဆောင်သွားမှုများနှင့် အခွန်အကောက်များ အဓမ္မကောက်ခံ နေခြင်းများ ကြောင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု ဖြစ်စဉ်များ ပိုမိုများပြားလာ နေပြီး ကာကွယ်ဖြေရှင်းပေးမည့် ယန္တယားများ အားနည်းနေသည်ဟု ဒေသခံများက ပြောသည်။







