ကရင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများကို ယနေ့(ဇန်နဝါရီ ၂၇ရက်)တွင် ပထမဦးဆုံးအကြိမ်အဖြစ် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီးဟု ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် ၇မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဦးစီးဌာနမှ ဝန်ထမ်းများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများတွင် အချိန် ခွဲကာ ဆေးထိုးနှံပေးပြီး ၎င်းဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ ကာကွယ်ဆေးထိုးပြီးပါက ပြည်သူများအားလုံး ဆက်လက် ဆေးထိုးနိုင်ရန် အစီအစဉ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်က "ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်မှာရှိတဲ့ ဝန်ထမ်းအားလုံးပါတယ်။ ရက်တွေခွဲပြီး ထိုးမယ်။ ဖားအံဆေးရုံကြီးက လူတွေ ဒီနေ့ ကာကွယ်ဆေး စထိုးတယ်ပေါ့နော်။ ဆေးရုံပေါ်မှာပဲ နှစ်နေရာခွဲပြီးတော့ ထိုးကြတယ်။ မနက် ညနေ ခွဲပြီးထိုးတယ်။ အားလုံး ထိုးနိုင်ဖို့ အစဉ်လိုက်သွားနေတယ်။”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ပထမဦးဆုံးအနေဖြင့် ကရင်ပြည်နယ်၌ လူဦးရေ ၂,၅ဝဝခန့်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီလ ၂၉-၃ဝရက်နေ့တွင် ကာကွယ်ဆေးထိုးနှံပေးမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၆ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

" ကျနော်တို့အဖွဲ့တွေကို စာရင်းယူထားပြီးပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေ ထိုးနှံပြီးရင် ကျနော်တို့စေတနာ့ဝန်ထမ်းတွေကို ထိုးပေးမယ်လို့ သိထားတယ်။ ရက်တော့အတိအကျ မသိသေးဘူးပေါ့နော်။ ကျနော်တို့မှာ ရောဂါကူးစက်ပျံနှံမှု ပိုဖြစ်နိုင်တယ်ဆိုတော့ ထိုးပြီးရင်လည်း ကျန်းမာရေးညွန်ကြားချက်မရပဲ ဆောင်ရွက်ရမယ်ပေါ့နော်။ ကိုယ့်ကြောင့်လည်း ရောဂါတွေမကူးစေချင်ဘူးလေ” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ စောကျော်လင်းခိုင်က ကေအိုင်စီ သို့ပြောသည်။

ကရင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရသူ ၁,၇၇ဝ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၂၇ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်မှတ်တမ်းများအရ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...