မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၄၀၀၀ နီးပါးခန့် ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး

မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၄၀၀၀ နီးပါးခန့် ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး

ယဉ်ထောမွန် — မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၄၀၀၀ နီးပါးခန့်ကို သက်ဆိုင်ရာမြို့နယ်ဆေးရုံများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့တွင် ထိုးနှံပြီးစီးခဲ့ကြောင်း မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒုဦးစီးမှုး ဒေါက်တာဝတ်မှုံက ပြောသည်။

“နောက်ထပ် ၁ ရက်လောက် ထပ်ထိုးရင်တော့ အားလုံးပြီးလောက်မယ်၊ ကာကွယ်ဆေးကလည်း လူဦးရေ ၄၀၀၀ နီးပါစာလောက်ပဲရထားတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကွက်တိဖြစ်နေတော့ စေတနာ့ဝန်ထမ်းတွေက ကျန်နေတာပေါ့၊ ဒါအတွက်ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြန်ဆုံးဆောင်ရွက်နေပါတယ်၊ အားမငယ်ကြပါနဲ့”ဟု ဒေါက်တာဝတ်မှုံက ဆိုသည်။

သံဖြူဇရပမြို့နယ်အနေဖြင့် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၂၁၅ ယောက်အနက် ယနေ့တွင် အယောက် ၁၀၀ နီးပါးထိုးနှံခဲ့ကြောင်း၊ ခွဲတမ်းအနေဖြင့် လူ ၁၀ ဦးထိုးနှံနိုင်သည့် ဆေး၂၄ လုံးရရှိထားကြောင်း သံဖြူဇရပ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှုး ဒေါက်တာမင်းသန့်ဇင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဆေးက တစ်ကြိမ်ထိုးထားပြီးရင် ၅၀ ရာခိုင်နှုန်းလောက်ကာကွယ်နိုင်တာပေါ့ နှစ်ကြိမ်ထိုးပြီးရင် ၉၅ ရာခိုင်နှုန်းလောက်က ကာကွယ်နိုင်တယ်ဆိုတော့ ဘာမှတော့ စိတ်ပူဆရာမလိုတော့ဘူး၊ ထိုးနှံခွင့်ရလို့လည်း အရမ်းဝမ်းသာတယ်၊ လှုဒါန်းပေးတဲ့ အိန္ဒိယနိုင်ငံကိုလည်း ကျေးဇူးတင်တယ်”ဟု ဒေါက်တာမင်းသန့်ဇင်က ဆိုသည်။

ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းကို (၂၇-၁-၂၀၂၁)တွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကိုလည်းကောင်း၊ (၂၉-၁-၂၀၂၁)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်းကောင်း၊ (၃၀-၁-၂၀၂၁)ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ထိုးနှံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

“ပထမဆုံးထိုးပေးတဲ့အုပ်စုဟာ ပထမအကြိမ်ထိုးပြီးသွားတာနဲ့ ပြီးသွားပြီးဆိုတော့ အေးအေးဆေးနေလို့မဖြစ်ပါဘူး။ ကျွန်မတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်ပြီးတော့ မိမိကိုယ်ကို ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ မျက်နှာဖုံးတပ်ရမယ်၊ လက်ဆေးရမယ်၊ လူစုလူဝေးကြားထဲမှာမသွားရဘူး၊ ခပ်ခွာခွာနေရမယ် စသဖြင့်ပေါ့။ ဒီအခြေခံစည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီးတော့လိုက်နာသွားဖို့လိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၂၁-၁-၂၀၂၁ ရက်နေ့က ပြည်သူများသို့အစီရင်ခံတင်ပြရာတွင် ပြောကြားသည်။

မွန်ပြည်နယ်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေးကို မော်လမြိုင်မြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ ခွဲခန့်တွင် ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဦးဆုံး ပေးပို့လှုဒါန်းသည့်  ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒဿမ ၅ သန်းကို ဇန်နဝါရီ ၂၂ ရက်နေ့က လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...