ကျောက်ကြီး ကရင် စစ်ရှောင်များအတွက် အကူအညီပေးရန် အခက်တွေ့နေ

ကျောက်ကြီး ကရင် စစ်ရှောင်များအတွက် အကူအညီပေးရန် အခက်တွေ့နေ

ဒေသအတွင်း လုံခြုံရေး အာမခံချက် မရှိသည့်အတွက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းက စစ်ရှောင်ပြည်သူများအတွက် ရိက္ခာနှင့် ဆေးဝါးများ သွားရန် ကူညီရန် အခက်အခဲရှိနေသည်ဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာ အဖွဲ့ က ပြောသည်။

KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများအတွက် အကူအညီအချို့ကို လက်ခံရရှိထားပြီဖြစ်သော်လည်း နှစ်ဖက်တွေ့ဆုံမှု မရှိသေးသည့်အတွက် ရိက္ခာများ သွားရောက်ပို့ပေးရန် မဖြစ်နိုင်သေးဘူးဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

“အဖွဲ့အစည်းအသီးသီးကနေ ပြည်တွင်းကနေတော့ ထောက်ပံ့တာတွေလာနေပြီ လက်ခံထားပြီ၊ ဒါပေမယ့် ကျောက်ကြီးမြို့ထဲမှာပဲ လောလောဆယ် သတ်မှတ်ထားတဲ့နေရာပဲ။ ဘာလို့လဲဆိုတော့ နှစ်ဖက်ခေါင်းဆောင် တွေ မတွေ့ပဲနဲ့ သွားဖို့ကလည်း အဲ့လမ်းကလည်း ဘယ်သူမှ မသွားရဲတဲ့အခြေအနေမှာ ရှိတယ်။ ကျနော်တို့ ဒေသခံ တွေပဲဖြစ်ဖြစ် အဖွဲ့ အစည်းအသီးသီးကပဲ ဖြစ်ဖြစ် ဝိုင်းတွန်းအားပေးတာပေါ့။ နှစ်ဖက် တွေ့ဆုံ ဖို့။ တွေ့ဆုံပြီးမှ သူ့တပ်သူထိန်း၊ ကိုယ့်တပ်ကိုယ်ထိန်း။ အဲ့လို နှစ်ဖက်တွေ့ဆုံမှပဲ သွားလို့အဆင်ပြေမှာကိုး။”

ထို့သို့ နှစ်ဖက်တွေ့ဆုံမှု မလုပ်နိုင်ပါက “တွေ့ဆုံမှုကတော့ လုပ်ပေးရမှာပဲ။ ကတိကဝတ်လုပ်ထားတဲ့အပေါ်မှာ ဖိအားပေးတာတော့ မဟုတ်ဘူး။ ဒါ နှစ် ဖက်ခေါင်းဆောင်တွေ အတူတကွ ကတိပြုထားတဲ့အပေါ်မှာ တွေ့ကို တွေ့ရမယ့် အခြေအနေပဲ၊ မတွေ့ရင်တော့ အခုနက ပြောသလိုပေါ့ လာလှူထားတဲ့ပစ္စည်းတွေက လာလှူတဲ့လူ တွေလည်း ကိုယ်တိုင်မပို့ရဲ၊ ဒေသခံတွေလည်း မပို့ရဲတဲ့အခါကြတော့ သူတို့လည်း အခက်အခဲရှိတာပေါ့” ဟု စောစိပတြော် က ဆက်ပြောသည်။

ယခုလ ၂၀ ရက်နေ့ကလည်း  ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပွယ်စေးက စစ် ဘေးဒုက္ခသည်များ အတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ကျောက်ကြီး မြို့နယ်အတွင်းရှိ KNU ဆက်ဆံရေးရုံးတွင် ကရင်လူမှုရေးရာအဖွဲ့ကို ပေးအပ်ခဲ့သည်ဟု စောစိပတြော် က ပြော သည်။

“သူတို့ နှစ်ဖက်တွေ့ဆုံမှပဲ အခုနက ပြောသလို ပစ္စည်းတွေ၊ အကူအညီ ထောက်ပံ့တာတွေ သွားပို့ရဲမှာလေ။ မဟုတ်ရင် ကျနော်တို့လည်း သွားမပို့ရဲဘူး။ လှူပေးတဲ့ ဝန်ကြီးတွေလည်း သူတို့ကိုယ်တိုင်လည်း သွားမပို့ရဲ ပါဘူး။ ဘာလို့လဲဆို အဲ့ဒီလမ်းကလည်း တပ်စခန်းတွေ သုံး လေး ငါး နေရာ လောက်ရှိတယ်၊ နှစ်ဖက်တွေ့ဆုံ ပြီးတော့ ဒီဘက်ကလည်း သူ့တပ်ကို သူထိန်း၊ ဟိုဘက်ကလည်း သူ့တပ်ပို သူထိန်း အဲ့ဒါမှလည်း သွားပို့ရဲမှာ လေ။ လောလောဆယ်ကတော့ ပစ္စည်းတွေကတော့ သတ်မှတ်နေရာမှာပဲ ရှိထားတယ်။”

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းကနေ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက မူသယ်၊ ခဲဒဲ၊ တကောဒေါ၊ ပါကောခီး၊ ပါကောထာ၊ သဲဒေါ ကျေးရွာများက ဒေသခံ တစ်ထောင်နီးပါးက အနီးအနား တောတောင်များထဲသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံ များနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

“ဟိုတနေ့ကတော့ Sunday မှာဖြစ်တာ၊ နီးတော့ ဘုရားမရှိ ခိုးရပဲ ထွက်ပြေးရတာပေါ့။ အခြေအနေကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ တနင်္ဂနွေနေ့အထိတော့ တပ်ကပစ်တာတော့ လက်နက်ကြီးနဲ့ ပစ်တော့ ဘုရားရှိခိုး နေတဲ့ အချိန် လက်နက်ကြီးနဲ့ ပစ်တော့ နည်းနည်း နီးကပ်တော့ ထွက်ပြေးနေရတယ်” ဟု ကျောက်ကြီး ဒေသ ခံတစ်ဦး က ပြောသည်။

ဇန္နဝါရီလ ၂၄ ရက်နေ့ကလည်း သထုံခရိုင်အတွင်းက ဒေသခံ ၈၀၀ ကျော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်ဖက် လေးစား လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ကို လိုက်နာဆောင်ရွက်ရေး၊ ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများ အလိုမရှိ၊ ကျေးရွာအတွင်း တပ်စွဲထား သည့် တပ်စခန်းများ အလိုမရှိ၊ အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ညှိနှိုင်းဖြေရှင်း ပေး ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး စသည့်အချက်များကို ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။

“ကျနော်တို့ကတော့ ပြည်သူတွေတောင်းဆိုတာတော့ အခုထွက်ပြေးတိန်းရှောင်နေရတဲ့ သူတွေ အဓိကတောင်း ဆို တာကတော့ အဲ့ဒါပဲလေ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့၊ နှစ်ဖက်တွေ့ဆုံဖို့၊ ပြီးတော့ ဌာနေပြည်သူတွေနေ တဲ့ နေရာမှာ ချထားတဲ့ တပ်စခန်းတွေ အကုန်လုံး ပြန်ရုတ်သိမ်းဖို့ ၊ ဒါမှ လူမှုဘဝဆိုတာ လုံခြုံမှုရှိမှာလေ။ ဒေသခံတွေ တောင်းဆိုတဲ့အချက်တွေပေါ့၊ အဓိက က နှစ်ဖက်တွေ့ဆုံဖို့ဗျ။ တွေ့ဆုံဖို့ဆိုတော့ NCA ထဲမှာလည်း ပါ တယ်” ဟု စောစိပတြော် က ပြောသည်။

တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်- KNU တပ်မဟာ ၃ နယ်မြေအတွင်း သာမကပဲ ကရင်ပြည် နယ်၊ ဖာပွန် (မူတြော်) ခရိုင်- KNU တပ်မဟာ ၅ နယ်မြေ နှင့် မွန်ပြည်နယ် သထုံခရိုင်-KNU တပ်မဟာ ၁ နယ်မြေတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “စောစောက စကားရပ်အရ ပြောရမယ်ဆိုရင်တော့ တင်း မာနေဆဲပေါ့။ ဒေသခံတွေကိုလည်း မြန်မာစစ်တပ်ဖက်က သွားလာမှုလည်း ကန့်သတ်နေတဲ့ အခါကျတော့ ကျနော်တို့ တစ်ဖက်က လူထုတွေ အတွက် အကူ အညီပေးနိုင်မယ့် အဖွဲ့အစည်းတွေက အစပေါ့ ဝင်လို့ ထွက်လို့ မရတဲ့ အချိန်မှာဖြစ်တယ်။ ဒီအတွက်လည်းကျနော်တို့ကလည်း ဒီဖက် KNU ဖက်ကတော့ လက်လှမ်းမှီနိုင် သလောက် ထိုးဝင်နိုင်လို့ ရနိုင်သလောက်တော့ တတ်နိုင်တဲ့ ကူညီမှုလေးတွေကိုတော့ ကျနော်တို့ ဆောင်ရွက်နေ တာတွေတော့ ရှိပါတယ်။ သို့သော်လည်း NGO တွေ INGO ဝင်နိုင်ဖို့အထိကတော့ ကူညီနိုင်တဲ့ အဆင့်မရှိ သေးဘူ လို့ တော့ ပြောရမှာ ဖြစ်ပါတယ်” ဟု ဇန္နဝါရီလ ၁၆ ရက်နေ့က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့ကလည်း တပ်မတော်နှင့် KNU တို့ အကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် ပြည်တွင်းအရပ်ဖက်အဖွဲ့ ၁၇၂ ဖွဲ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အိတ်ဖွင့် ပေး စာ ပေးပို့ခဲ့ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...