တစ်သျူးငှက်ပျော ကုမ္ပဏီအချို့ လုပ်အားခ မပေးပဲတိမ်းရှောင်

တစ်သျူးငှက်ပျော ကုမ္ပဏီအချို့ လုပ်အားခ မပေးပဲတိမ်းရှောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တစ်သျှူးငှက်ပျောကုမ္ပဏီအချို့ လုပ်ခမပေးပဲ တိမ်းရှောင်နေ သည့် အတွက် ငှက်ပျောခြံလုပ်သားများ အခက်အခဲဖြစ်နေသည်ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ မိုင်းမောကျေးရွာ အတွင်းက တစ်သျူးငှက်ပျောခြံလုပ်သား ၅၀ ကျော် ယနေ့အချိန်ထိ လုပ်ခများမရပဲ အခက်အခဲဖြစ်နေရသည်ဟု ငှက်ပျောခြံအလုပ်သမား ဦးခင်မောင်ဝင်း က ပြော သည်။

“မိသားစုလူဦးရေအားဖြင့် ၅၂ ယောက် လူဦးရေ ၅၀ မှီခို ငှက်ပျောခြံမှာကျင်းစားလုပ်နေတာ ကျင်စားလုပ်ခ ငွေ မရဘူး။ တရုတ်ကငွေလဲမပေးဘဲနဲ့ထွက်ပြေးနေတယ်။ ဦးလေးတို့ ဆင်းထားတဲ့ နှစ်နာကြေး လုပ်ခ လစာ ရဖို့ အတွက် တောင်းဆိုနေတာဖြစ်ပါတယ်။ ဦးလေးတို့ရဲ့ စီးပွားရေး၊ လူမူရေး၊ ကျန်မာရေးကအစ ဒီငှက်ပျော ခြံမှာ ဘဲ အားလုံးနစ်မြုပ်ထားရတာလေ။ တစ်နှစ်ပတ်လုံး နစ်မြုပ်ထားရတာကို ဦးလေးတို့က ဘာမှအကျိုးမရှိဘဲနဲ့ အကျိုးခံစားခွင့်မရှိဘဲနဲ့ ဦးလေးတို့လက်လွှတ်ဆုံးရူံးရသလိုဖြစ်နေတယ်”

အချို့အလုပ်သမားများမှာ ၉ လ ၁၀ လ စာ လစာများ မရပဲ ဖြစ်နေကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်များအတွင်းရှိ ငှက်ပျောခြံ များတွင် အလုပ်လုပ်ကြသည့် အလုပ်သမားအများစုမှာ ကျင်စား အလုပ်သမားများဖြစ်ကြသည်။ ကျင်စား အပြင်၊ လခစား၊ နေ့စား အလုပ်သမားများလည်း ရှိသည်။

ကျင်စား ဆိုသည်မှာ “တစ်ကျင်အလေးချိန် ၃၄ ကျပ်သားခန့်ကို တရုတ်ယွမ်ငွေ သုံးဂျော့၊ မြန်မာငွေ ကျပ် ၆၀၀၀ နှုန်း” ဖြင့် တွက်ပေးသည် ဟု အလုပ်သမားများက ပြောသည်။

ကုမ္ပဏီဘက် ငှက်ပျောကား ၂၅ စီးစာခုတ်ယူပြီးသွားပြီ ဖြစ်သော်လည်း အလုပ်သမားများအား ယနေ့အချိန်ထိ လုပ်ခမပေးသေးသည့်အတွက် ယခုကဲ့သို့ အခက်အခဲဖြစ်နေရသည်ဟု ငှက်ပျောခြံအလုပ်သမားများက ပြော သည်။

“ဦးလေးတို့ အလုပ်စဝင်တာ ၂၀၂၀၊ ၂ လ ပိုင်းကနေ စလုပ်ဝင်တာခဲ့တယ်။ အဲ့ဒီအချိန်ကနေစပြီး ဦးလေးတို့က တောက်လျှောက် အလုပ်လုပ်ခဲ့တာ တာဝန်ကျေခဲ့ပြီး လုပ်လာခဲ့ပြီးတော့လည်း တရုတ်က ရသင့်ရထိုက်တဲ့ ငှက်ပျော၂၅ စီးကိုခုတ်ယူသွားတယ်။ ၂၅ စီး ခုတ်ယူပြီးနောက်မှာတော့ ကျန်တဲ့ ငှက်ပျောတွေကို ခုတ်ယူခြင်း၊ သယ် ယူခြင်းမရှိတော့ဘဲ ဦးလေးတို့ကိုပေးရမယ့် ပိုက်ဆံတွေကိုလည်း မပေးတော့ဘဲနဲ့ ရှောင်ထွက်ပြေးသွား တယ်။ တစ်ပြားမှကိုမရသေးတာ။ ဒီနှစ်အတွက်။ ဦးလေးတို့ ၂ လပိုင်းကနေစပြီး ခု ၁၀ လပိုင်း ၁၁ လပိုင်း အထိပေါ့လေ အဲ့ဒါ တစ်ပြားမှမရဘူး” ဟု ဦးခင်မောင်ဝင်း က ပြောသည်။

ဦးခင်မောင်ဝင်းအပါအဝင် ငှက်ပျောခြံလုပ်သား ၅၀ ကျော်အလုပ်လုပ်သည့် ငှက်ပျောကုမ္ပဏီမှာ စဉ်ကြိုင် ကုမ္ပဏီဖြစ်ပြီး အလုပ်သမားများအနေဖြင့်လည်း ဝိုင်းမော်မြို့နယ်အဆင့်ထိ တိုင်ကြားထားသည်ဟု ငှက်ပျောခြံ အလုပ်သမားများက ပြောသည်။  

“စဉ်ကြိုင်ကုမ္ပဏီနဲ့ဦးလေးတို့ စာချုပ်ချုပ်ဆိုထားတာကလေး ဦးလေးတို့က “က” နဲ့ “ခ” ဆိုပြီးခွဲထားတယ်။  “က” စဉ်ကြိုင် ကုမ္ပဏီဘက်၊ “ခ” ကြတော့ ဦးလေးတို့ဘက်က။ “က” ဘက်ကခိုင်းတဲ့ အလုပ်ကို “ခ” ဘက်က တာဝန်ကျေ လုပ်ဆောင်ရမယ်။ ပထမဦးဆုံးတော့ ကုမ္ပဏီကို ပထမဦးဆုံးဝင်ငြိတယ်။ ငြိတော့ နင်တို့တရုတ်ရှာ ပေးမယ်။ နင်တို့တရုတ်တွေ့ရင်ပြေလည်တယ် ဒါမျိုးဖြစ်တယ်။ ကျနော်တို့လည်း ယုံတယ်လေ။ ယုံတော့ထား လိုက်တယ်။ တစ်ပတ်နေတယ်မရဘူး။ မရတာနဲ့ စန်းကားအုပ်စုကိုတက်လိုက်တော့ပေါ့။ စန်းကားအုပ်စုမှာ တစ် ပတ် စောင့်တယ် မရဘူး။ ကျနော်တို့ ဝိုင်းမော်ရောက်တယ်။ အဲ့ဝိုင်းမော်မှာလည်း ဒီလိုဘဲ သွားလိုက်လာလိုက် ဆွေးနွေးလိုက် တိုင်ပင်လိုက်နဲ့ ကုမ္ပဏီကတာဝန်ရှိသူ တစ်ဦးတစ်ယောက်နဲ့မှ ထိပ်တိုက်လဲမတွေ့ဆုံခဲ့ရဘူး အဲ့လိုဖြစ်နေတာ။”

ထို့အပြင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘော်လာကုမ္ပဏီပိုင်၊ တာလောကြီးတိုက်နယ်အတွင်းရှိ နန့်ခွင်ချောင်း စိုက်ကွင်းအမှတ် (၃) မှ ငှက်ပျောခြံအလုပ်သမား ၂၉ ဦးအတွက်လည်း ကုမ္ပဏီမှ လုပ်ခတစ်စုံတစ်ရာ မပေးပဲ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဦးတင်ဝင်း က ပြောသည်။

ငှက်ပျောခြံအလုပ်သမား ဦးတင်ဝင်း “မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းဆီကို ဖြေရှင်းပေးဖို့ ညွှန် ကြားခဲ့ ပါတယ်။ ဦးသန်းဝင်းက ခေါ်ယူညှိနှိုင်းပြီးတော့မှ ဖြေရှင်းပေးတဲ့အခါမှာ ဘော်လာကုမ္ပဏီဥက္ကဋ္ဌ မန်နေ ဂျင်း ဒါရိုက်တာ ဦးဂွါဆီးကနေပြီးတော့မှ ၈ သိန်းနှုန်းနဲ့ ပေးပါ့မယ်။ ၂ ရက်စောင့်ပေးပါလို့ အာမခံပေးခဲ့ ပါတယ်။ အဲ့ဒီ ၈ သိန်းနှုန်းကို ကျနော်တို့ တာလောကြီးတိုက်နယ် ဥက္ကဋ္ဌ ဆီကို ရှင်းပေးဖို့ဆိုပြီးတော့၊ အဲ့မှာတင်ရှင်းပေးဖို့ ပေါ့လေ။ ကျနော်တို့နဲ့နီးအောင် အဲ့လိုတာဝန်ပေးခဲ့တဲ့အခါမှာ ကျနော်တို့ ၂ ရက် ၃ ရက် ၄ ရက် အဲ့လို စောင့်ခဲ့ ပေမယ့် မလာခဲ့ပါဘူး။ မန်းနေဂျင်းဒါရိုက်တာ ဦးဂွါဆီးက။ အဲ့ကမှ အဲ့ဒီ တာလောကြီး တိုက်နယ် ဥက္ကဋ္ဌက နေ ပြီးတော့မှ ဖုန်းဆက်ပြီးတော့ မေးတဲ့အခါမှာ မပေးနိုင်တော့ဘူးလို့ သူက ပြောခဲ့တဲ့အတွက် တိုက်နယ်ဥက္ကဋ္ဌ ကနေပြီးတော့မှ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်တင်ပြပါဆိုလို့ ကျနော်တို့က ပြန်တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

နန့်ခွင်ချောင်း စိုက်ကွင်းအမှတ် (၃) မှ ငှက်ပျောခြံအလုပ်သမား ၂၉ ဦး တို့မှာ ဝန်ကြီးချုပ်ဒေါက်တာခက်အောင် ထံစာတင်ခဲ့ပြီးနောက်၊ ထိုမှတဆင့် ဝန်ကြီးချုပ်၏ ညွန်ကြားချက်ဖြင့် အလုပ်သမားရုံး၊  အလုပ်သမားရုံးမှ တဆင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ကချင်) ဝန်ကြီး ဦးဇော်ဝင်း ထံ စာ တင်ပြီး နောက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံ အဆင့်ဆင့်တိုင်ကြားခဲ့သည့်အမှုဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

ထိုကဲ့သို့ စာတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ နှစ်ဘက်သဘောတူညီမှုအရ အလုပ် သမားတစ်ဦးအား ၈ သိန်းပေးရန် ညွန်ကြားခဲ့သော်လည်း ကုမ္ပဏီဘက်က လုပ်ခပေးခြင်းမရှိပဲ ထွက်ပြေးသွား သည့်အတွက် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အခက်အခဲဖြစ်နေရသည်ဟု ဦးတင်ဝင်း ဆက် ပြောသည်။

“အဲ့လိုပြန်တင်ပြပြီးတဲ့အခါမှာ ၂၉ ရက်နေ့ ၁၂ လပိုင်းပေါ့လေ ၂၉ ရက်နေ့ ၁၂ လပိုင်းမှာ ဦးသန်း ဝင်းကနေပြီး တော့မှ ကုမ္ပဏီကို ဖြေရှင်းပေးဖို့ ညွှန်ကြားထားပြီးပြီလို့ ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့က စောင့်နေရင်းနဲ့ ဖုန်းဆက်လို့လဲမရဘူး၊ လူကိုယ်၌လဲမလာဘူး။ အဲ့အတွက် ၁ လပိုင်း ၈ ရက်နေ့မှာ အုပ်ချုပ် ရေးမှူးထံကို သွား ရောက်မေးမြန်းခဲ့ပါတယ်။ အဲ့အခါမှာ အုပ်ချုပ်ရေးမှူးကနေပြီးတော့ ဦးလေးတို့ လောပန်းလဲ မရှိတော့ဘူး ပြေး ပြီ။ ကုမ္ပဏီကလည်း တာဝန်ယူ မရှင်းနိုင်တော့ဘူး။ တရားစွဲမှရပါမယ်လို့ ဦးလေးတို့ကို အဲ့လိုပဲပြောခဲ့ပါတယ်။”

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ခင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များ ရှိလာခြင်း၊ မြေယာပြဿနာများ ပေါ်ပေါက်လာခြင်း၊ တရုတ်ကုမ္ပဏီများ လက်အောက်သို့ မြေဧက ထောင် ချီ၍ ကျရောက်သွားသည့် ပြဿနာများ၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြားပြဿနာများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်ဟု ဒေသခံများ၊ ငှက်ပျောခြံအလုပ်သများနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

သို့သော် ထိုသိ့ုအလုပ်သမားများ ပြဿနာ ဖြစ်ပွားပါက ထိရောက်စွာ တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်း ပေးမည့် အဖွဲ့အစည်းများ မရှိခြင်း၊ အလုပ်သမားများအတွက်လည်း အာမခံချက်များ မရှိ ဖြစ်နေရသည်ဟု အလုပ်သမားများက ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...