ကချင်ပြည်နယ်တွင် COVID-19 လူနာသစ် တစ်နေ့တည်း ၂၂ ဦးတွေ့

ကချင်ပြည်နယ်တွင် COVID-19 လူနာသစ် တစ်နေ့တည်း ၂၂ ဦးတွေ့

ကချင်ပြည်နယ်တွင် COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ပိုးတွေ့လူနာများ နေ့စဉ်နှင့်အမျှ တိုးလာနေပြီး ယနေ့ စာရင်းအရ တစ်ရက်တည်းတွင် ပိုးတွေ့ရှိသူ လူနာသစ် ၂၂ ဦး အထိ ကူးစက်ခံရမှုများရှိနေသည်ဟု ကချင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနက ထုတ်ပြန်ချက်များအရသိရသည်။

ဇန္နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ အချိန်အထိ ထုတ်ပြန်ချက်အရ မြစ်ကြီးနားတွင် ၁၁ ဦး၊ ဖားကန့်တွင် ၉ ဦး၊ မိုးညှင်းနှင့် ရွှေကူမြို့နယ်တို့တွင် ၁ ဦး စီ၊ စုစုပေါင်း ပိုးတွေ့ရှိသူ လူနာသစ် ၂၂ ဦး ဖြစ်ပြီး၊ ယခုအခါ တစ်ပြည်နယ်လုံး အတိုင်းအတာ အနေဖြင့် COVID-19 ရောဂါကူးစက်ခံရသူမှာ ၇၇၇ ဦးရှိပြီ ဟု ထုတ်ပြန်ထားသည်။

တစ်ရက်တည်းတွင် ရောဂါကူးစက်မှု ၉ ဦး အထိရှိခဲ့သည့် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းက နေအိမ် ၇ လုံးကိုလည်း Lock Down ချထားသည်ဟု ရမ်ပူရပ်ကွက်မှ ပြည်သူ ဒေါ်ခင် ဆွေက ပြောသည်။

“ကျမတို့ ရမ်ပူက ကျမတို့ရပ်ကွက်ထဲကပေါ့နော် နယ်မြေ ၂၀ ရယ်၊ ၂၁ ရယ်၊ နောက်ပြီး ၂၃ ပေါ့ အဲ့ဒီထဲက အိမ်တွေ ၇ လုံးရှိတယ် ချိတ်ပိတ်လိုက်ပြီ၊ ဘယ်လိုလဲ ကန့်သတ်နယ်မြေဆိုပြီး စာသားနဲ့ ပိတ်ထားလိုက်ပြီ။ အဲ့ က လူတွေက မနေ့ကနော် ၁၈ ရက်နေ့ဟုတ်တယ်၊ အဲ့နေ့က အဲ့မှာလူတစ်ယောက် ပိုးတွေ့တယ်လို့ပြောတယ်၊ သူနဲ့ ထိတွေ့တဲ့လူတွေကို ထပ်စစ်တယ်၊ လူဘယ်လောက်လဲ ၃၀ လား၊ ၃၀ ကျော်လားမသိဘူး။ အဲ့ဒါထပ်စစ် တော့ အဲ့ဒီမှာ နောက်ထပ် ၉ ဦးပေါ့ ရောဂါရှိတယ်ဆိုပြီး ပြန်ပြောတယ်၊ အဲ့ဒါကြောင့် ပိတ်လိုက်တယ်လို့တော့ ပြောတာပဲ” ဟု ပြောသည်။

ထို့အပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် MB Bar ကိုလည်း COVID-19 ပိုးတွေ့လူနာ သွားရောက်ခဲ့သည့်အတွက် ယခုခါ Lock Down ချထားသည်ဟု ဒေသခံများက ပြောသည်။

စီတာပူရပ်ကွက်မှ ကိုအောင်မိုင် က “ဘယ်နေ့က Lock Down ချတာလည်းတော့ သတိမထားမိဘူး။ ဒီနေ့ မနက် သွားကြည့်တော့ ပိတ်ထားလိုက်ပြီ၊ ဘေးကလူတွေကိုမေးကြည့်တော့ ဒီ Bar ကို လာခဲ့တဲ့လူတစ် ယောက်က positive ပေါ့ ကိုရိုနာရောဂါ ကူးခံရတယ်ပေါ့နော်။ အဲ့ဒါကို အခုက Bar လည်း ပိတ်လိုက်ပြီပေါ့ အဲ့လိုမျိုးပြောတယ်” ဟု ပြောသည်။

ယခုနောက်ပိုင်း ကူးစက်မှုအခြေအနေများအရ မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်တို့အတွင် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုမရှိသည့် အတည်ပြုလူများ တွေ့ရှိလာနေရသည့်အတွက် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ လိုက်နာရမည့် အချက်အလက်များကို စနစ်တကျ စည်းကမ်းလိုက်နာပြီး ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟုလည်း တိုက်တွန်းပြောဆိုထားသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ် ရှိသည့်အနက် ဖားကန့်မြို့နယ်သည် COVID-19 ကပ်ရောဂါ ကူး စက်ခံရမှုအများဆုံးဖြစ်ပြီး၊ ဖားကန့်မြို့နယ်တွင် ၄၅၆ ဦး၊ မြစ်ကြီးနားမြို့နယ်တွင် ၁၃၃ ဦး၊ ရွှေကူတွင် ၉၁ ဦး၊ မိုးညှင်းတွင် ၆၁ ဦး၊ မိုးကောင်းတွင် ၁၃ ဦး၊ မိုးမောက်တွင် ၈ ဦး၊ တနိုင်းနှင့် ပူတာ အိုမြို့နယ်တို့တွင် ၁ ဦးစီ၊ စုစုပေါင်း ၇၇၇ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ တစ်ဦး ရှိခဲ့သည်ဟု ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန က ထုတ်ပြန်ထားသည်။

ဇန္နဝါရီလ (၁၉)ရက်နေ့ (ယနေ့) ည ၈ နာရီခွဲအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်း ထုတ် ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၆၉၄) ခု အားစစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၄၄၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယနေ့ သေဆုံးသူ လူနာ ၁၃ ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံလုံးတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း (၁၃၅,၂၄၃) ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ အနက် ပြန်လည်သက်သာသူ (၁၁၈,၆၅၇)ဦး ၊ သေဆုံးသူပေါင်း (၂၉၈၆)ဦး ရှိပြီဖြစ်သည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...