ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စာပေသာသနာ၏ ပညာဒါန စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ် သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် တပ်မတော်နှင့် အစိုးရတို့အနေဖြင့် တာဝန်ယူကာ ဆောင်ရွက်ပေးရန် ကချင် အရပ်ဘက်အဖွဲ့အစည်း ၃၉ ဖွဲ့ က တောင်းဆိုလိုက်သည်။
ဇန္နဝါရီလ ၁၉ ရက်နေ့ (ယနေ့) တွင်ကျရောက်သည့် စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အသတ်ခံရသည့်နေ့ ၆ နှစ် ပြည့်တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့ ဆရာမနှစ်ယောက်နဲ့ ပတ်သက်ပြီးမှ အမှုမှန် ပေါ်ပေါက်ရေး၊ ပြီးတော့ တရားမျှတမှုရရှိရေး ရရှိရေးကို ကျမတို့ လိုချင်တယ်။ အဲ့ဒီ လိုတောင်းဆိုတဲ့အခါမှာ ကျမတို့ ဘယ်သူတွေကို တောင်းဆိုသလဲ ပထမဦးဆုံးတော့ တပ်မတော်သားတွေ အဲ့ဒီ ဘေးပတ်ဝန်းကျင်မှာ ရှိ တဲ့အတွက်ကြောင့်မို့လို့ တပ်မတော်အနေနဲ့လည်း အမှုမှန်ပေါ်ပေါက်ဖို့ရန်အတွက် ပံ့ပိုး ပေးပါလို့ ကျမတို့ တောင်းဆိုချင်တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ပေးတဲ့တပ်ဖွဲ့ ကြီး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပေါ့နော်၊ ကူညီပေးပါလို့ တောင်းဆိုချင်တယ်။ နောက်တစ်ခုကတော့ လက်ရှိအစိုးရကနေ ပြီးမှ တရားဥပဒေ စိုးမိုးရေးကို ခိုင်ခိုင်မာမာ ဖြောင့်ဖြောင့်မှန်မှန်နဲ့လုပ်ဖို့ ဦးဆောင်လာဖို့ရန်အတွက် လက်ရှိ အစိုးရကိုလည်း အမှု မှန်ပေါ် ပေါက်ဖို့ရန်အတွက် တောင်းဆိုချင်တယ်” ဟု Htoi Gender and Development Foundation အဖွဲ့မှ ဒါရိုက်တာ ဒေါ်နန်ပူ က ပြောသည်။
ထို့အပြင် အမှုမှန်ပေါ်ပေါက်ရေး ဦးဆောင်နေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်ရေး လုပ်ငန်းစဉ်များကို ရပ်တန့်မသွားစေပဲ တရားမျှမှုနှင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆက်လက်ဦးဆောင်ကာ လုပ်ပေးစေလိုသည်ဟု ဒေါ်နန်ပူ က ဆက် ပြောသည်။
“နောက်တစ်ခုတော့ ဒီအမှုမှန်ပေါ်ပေါက်ရေး တရားမျှတမှုရရှိရေးဆိုပြီးတော့ လုပ်ဆောင်တဲ့ KBC မှာ ကော်မ တီဖွဲ့ ထားတယ်။ အဲ့ဒီကော်မတီအနေနဲ့ ဆက်ပြီးလုပ်ဆောင်မှုတွေ မရှိပဲ ရပ်တန့်နေတဲ့ နေတာကို ကျမတို့ ကြား သိရတဲ့အခါကြတော့ အဲ့ဒီကော်မတီမှာလည်း ကချင်ရှေ့နေကြီးတွေ အများကြီးပါဝင်တယ်၊ ဆိုတော့ အဲ့ဒီကော် မတီ ကလည်း ဆက်ပြီးတော့မှ အမှုမှန်ပေါ်အောင် လုပ်ဆောင်ပေးဖို့ရန်အတွက်၊ ဘာလို့လဲဆိုရင် ကျမတို့ CSO တွေ က ကိုင်တွယ်ခွင့်မရဘူးပေါ့နော်။ ကျမတို့ကိုလည်း ပါဝင်ခွင့်မပေးတဲ့အခါကြတော့ သူတို့ဆီမှာလည်း အထောက် အထားတွေရှိမယ်။ သူတို့ကနေ KBC ကနေ တဆင့် ဆရာမသွားလုပ်တာဖြစ်တဲ့အတွက် ရဲစစ်ချက် တွေ အကုန် လုံးရှိလိမ့်မယ်ပေါ့နော်။ KBC အမှုမှန်ပေါ်ပေါက်ရေး ကော်မတီကိုလည်း တောင်းဆိုချင်တယ်။”
အမှုမှန်ပေါ်ပေါက်ရေးအတွက် လက်ရှိတွင် ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍လည်း ကချင်အမျိုးသမီး များအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ် က “အဓိကတော့ စုံစမ်းစစ်ဆေး တဲ့အခါ လွတ်လွတ်လပ်လပ်မရှိတာလည်း တစ်ခုပေါ့နော်။ ပြီးလို့ရှိရင် ကျမတို့ရဲ့ အစိုးရပေါ့နော် ကျမတို့ရဲ့ အာ ဏာပြန်လွဲယူရမယ့် အစိုးရကလည်း NLD ပဲ ဒီဟာကို စွမ်းစွမ်းတမံ လုပ်ဆောင်တဲ့ အပိုင်းက အားနည်းတယ် ပေါ့နော်။ ပြီးတော့ တစ်ခါမှလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ဖြေရှင်းမယ်လို့ ပြောတာတို့ မရှိခဲ့ဘူး။ အမှန်တရား ရှာဖွေရေးလို့ပြောတဲ့အချိန်မှာ ဒီအရေးကို ကချင်တွေကပဲ ပြောနေရတဲ့ အခြေအနေမျိုး ရှိတယ်။ ကချင် တောင်မှ လူထုပဲ ဖြစ်နေတယ်။ တကယ်အာဏာရှိတဲ့ အဖွဲ့အစည်းတွေ၊ တကယ်လုပ်နိုင်စွမ်းရှိတဲ့ လူတွေက ဒါကို မပြောဘူး။ လုပ်ဆောင်ဖို့အတွက်လည်း တွန်းအားမပေးဘူး” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ပေးခြင်းကင်းလွတ်နေမှုများကို အဆုံးသတ်နိုင်ရေး နိုင်ငံတကာ၏ ဖိအားများ အရေးတကြီးလိုအပ်နေသလို အမှန်တရားဖော်ထုတ်ရေးကို အဟန့်အတား ဖြစ်စေ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် အလိုအပ်သည်ဟု မဆန်ထွက် က ဆက်ပြောသည်။
“ပြီးလို့ရှိရင် နောက်တစ်ခုက နိုင်ငံ တကာအဖွဲ့အစည်းတွေကိုလည်း ဝင်ခွင့်မပြုဘူး။ ဒါမျိုးတွေက အမှန်တရား ရှာဖွေမှုမှာ အဟန့်အတားတွေ အများကြီးဖြစ်တယ်။ သူတို့ရဲ့ ပါဝင်လုပ်ဆောင်တဲ့ အခန်းကဏ္ဍမရှိတာ ကျမတို့ အတွက်က အမှုမှန်ပေါ်ပေါက်ဖို့အတွက် အများကြီးအခက်အခဲဖြစ်တယ်ပေါ့နော်။ ပြီးလို့ရှိရင် စစ်တပ်က power over ဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက သူတို့ကို အခွင့်ထူးခံလူတန်းစားတစ်ရပ်လို ပေးထားတော့ အဲ့မှာကျော်ပြီး တော့ ကျမတို့ လုပ်လို့မရတဲ့ အခြေအနေတွေ အဓိက အဟန့်အတားဖြစ်တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံက ဒီအမှန် တရားဖော်ထုတ်ဖို့ အဟန့်အတားဖြစ်တယ်ဆိုတဲ့ဟာကို ထည့်ထားတာဖြစ်တယ်။”
မြစ်ကြီးနားမြို့၊ နန်နောင်းကျေးရွာ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်သည့် ၆ နှစ်ပြည့်အထိန်းအမှတ် ဝတ်ပြုခြင်းအစီအစဉ်တွင် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် က “ဆရာမ နှစ်ဦးရဲ့ အရေးဟာ ကချင်အရေး တစ်ခုတည်း မဟုတ်ပါဘူး။ KBC ရဲ့ အရေးတစ်ခုတည်းလည်း မဟုတ်ပါဘူး။ ကျနော် တို့ လူသားအရေးဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာ့အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကမ္ဘာမှာရှိတဲ့ လူသား တိုင်းရဲ့ အရေးဖြစ်ပါတယ်။ တကယ်တမ်းဆို အခု ခြောက်နှစ်ရှိပါပြီ။ သတင်းတွေကလည်း မြန်မာ့သတင်းတွေ ကအစ၊ ကမ္ဘာ့သတင်းတွေ အားလုံးက တရားခံပေါ်ပြီလားလို့ အားလုံးက မေးပါတယ်။ ကျနော်တို့ ဖြေဖို့ အဖြေမရှိခဲ့ ပါဘူး” ဟု ပြောသည်။
“ဆိုတော့ ဒီလိုအဖြေမဖော်ထုတ်နိုင်တာဟာဆိုရင် ကျနော်တို့ ခေါင်းဆောင်တဲ့လူတွေ ဦးဆောင်မှုပိုင်း ညံ့တယ် ဆိုရင်လည်း ကျနော်တို့ ခံရမှာပါ။ ကျနော်တို့ မတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် အမှန်တရားဆိုတာဟာ ရပ်တန့် မသွားပါဘူး။ ဆက်ပြီးမှ ရှင်သန်သွားမှာဖြစ်ပါတယ်။ ကျနော်တို့လုပ်နိုင်တာကတော့ ဒီနေ့ ဇန္နဝါရီ ၁၉ ရက်နေ့ ရောက်တိုင်း ဒီ ဆရာမနှစ်ဦးရဲ့ သတိရအောက်မေ့ ဆုတောင်းအစည်းအဝေးနဲ့ ဒီအမှန်တရားဟာ ဆက်လက် ရှင် သန်နေမယ် ဆို တာကိုပဲ ကျနော်တို့ လုပ်လို့ရပါတယ်။ ဒါပေမယ့် တဖက်ကလည်း အမှုမှန်ပေါ်ပေါက်ရေး အတွက် ကြိုးစားတဲ့ လုပ်ငန်းတွေလည်း ဆက်လက်ကျနော်တို့ လုပ်ဆောင်ပါတယ်။”
အမှုနှင့် ပတ်သက်၍ မည်ကဲ့သို့လုပ်ဆောင်သွားမည်ကို တိတိကျကျ မပြောနိုင်သေးသော်လည်း အမှုမှန်ပေါ် ပေါက်ရေးကော်မတီ အနေဖြင့် အမှုမှန်ပေါ်အောင် ဆက်လက်ကြိုးစားသွားမည်ဟု KBC ဥက္ကဋ္ဌ က ပြောသည်။
ထို့အပြင် အရပ်ဘက်အဖွဲ့စည်း အသီးသီးမှလည်း အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ သံရုံးများသည်လည်း အမှုမှန်ပေါ် ပေါက်ရေး လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်အား ဆက်လက်တွန်းအားပေးရန် လို သည်ဟု ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၁ ဖွဲ့တို့က သဘောထားထုတ်ပြန်ကာ တောင်းဆိုထားသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးဖြစ်ကြသည့် ဆရာမ မရန်လုရာ (အသက် ၂၀) နှစ် နှင့် ဆရာမ မတန်ဘောင်ခေါန်နန်စင် (အသက် ၂၁) နှစ်တို့သည် ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့က မုဒိမ်းပြုကျင့်ကာ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်အတွင်း ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာများ၊ ဦး ခေါင်းတွင်လည်း အပြင်းအထန် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ၊ မုဒိမ်းကျင့်ခံထားရပြီး အဝတ်ဗလာဖြင့် သေ ဆုံးခဲ့ရခြင်းဖြစ်သည်။
အမှုမှန်ပေါ်ပေါက်ရေး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဦးဆောင်ကာ လုပ်ဆောင်လျှက်ရှိသော်လည်း ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးသည့်အတွက် နစ်နာသူများအတွက် တရားမျှတမှု ဆုံးရှုံးနေဆဲ ဖြစ်သည်ဟု ကချင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး၏ အမှုနှင့်ပတ်သက်၍ မိသားစုဝင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကချင်ပြည်သူများက နှစ်စဉ် အောက်မေ့ သတိရဆုတောင်းပွဲ အခမ်းအနားများပြုလုပ်ပြီး အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့သည်မှာ ယနေ့နှင့်ဆိုပါက ၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။







