ကရင်မိဘပြည်သူများနှင့် ကရင်လူငယ်များက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ လုပ်ဆောင်ရာတွင် ပံ့ပိုးကူညီရန် KNLA က ပန်ကြားလိုက်သည်။
၂၇၆၀ ခုနှစ် ပြာသလိုလဆန်း ၁ ရက်နေ့ ဇန္နဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ် ကူးနေ့ တွင် ကရင်အမျိုးသား မိဘပြည်သူများနှင့် ကရင်လူငယ်မောင်မယ် အားလုံးထံသို့ ပေးပို့သည့် KNLA ၏ အိတ်ဖွင့်ပေး စာထဲတွင် ထိုကဲ့သို့ ထည့်သွင်းတောင်းဆို ထားခြင်းဖြစ်သည်။
“ကရင့်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA အနေနဲ့ အားသစ်လောင်းပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ကို အစွမ်း ကုန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားဖို့ သံန္ဓိဌာန်ချထားကြောင်း ကရင်မိဘပြည်သူများနဲ့ ကရင် လူငယ်မောင် မယ်များကို အသိပေးလိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ မိဘပြည်သူများနဲ့ လူငယ်မောင် မယ်များရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ နားလည် ပံ့ပိုးခြင်းကို ယုံကြည်မျှော်လင့်ကြောင်း ပြောကြားလိုပါတယ်။ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်ကနေ မိမိကျရာ အမျိုးသား တာဝန်ကို ဝိုင်းဝန်းထမ်းဆောင်ကြဖို့ ကိုလည်း လှိုက်လှိုက်လှဲလှဲ တိုက်တွန်းပန်ကြား လိုပါတယ်” ဟု ပါရှိ သည်။
KNU/KNLA တပ်မဟာ ၁ သထုံခရိုင် ၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် နှင့် တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင် တို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် တပ်မတော်တို့ နယ်မြေပြဿနာ များကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲ များပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည့် အချိန် တွင် KNLA က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။
NCA အပစ်ရပ်စဲပြီးသည့် နောက်ပိုင်းတွင် KNU/KNLA ထိန်းချုပ်ရာ ဒေသများသို့ တပ်မတော်မှ တပ်စခန်း သစ်များ တည်ဆောက်ခြင်းနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ စဉ်ဆက်မပြတ် ဝင်ရောက် လာမှုများ သည် ဖက်ဒရယ် ပြည်ထောင်စု၏ အနှစ်သာရကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က သုံးသပ်သည်။
“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး စတဲ့ နိုင်ငံရေး အရွေ့ကို ဖန်တီးနိုင်ဖို့ KNU ဘက်ကနေ သည်းခံနှိမ့်ချခြင်းများစွာနဲ့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မိမိတို့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်အနေနဲ့ သဘောတူညီချက်များကို ထိန်းသိမ်းရေး စစ်ပွဲများ ပြန်မ ဖြစ်ရေးစသည်တို့ကို ထောက်ရှုပြီး နယ်မြေအသီးသီးမှာ အလျှော့ပေးခဲ့ရာ ယနေ့ NCA လက်မှတ်ရေး ထိုး ပြီး ၆ နှစ်တာအတွင်း မူတြော်(ဖာပွန်) ခရိုင်ထဲ မြန်မာ့တပ်မတော်စခန်း ၇၂ ခုကနေပြီး ၈၀ ကျော် အထိ ရှိ လာခဲ့ပြီး နည်းမျိုးစုံနဲ့ တပ်အင်အားကို တိုးချဲ့ခဲ့ကြတာဖြစ်ပါတယ်။ ကရင်ပြည်နယ် တစ်ခုလုံးထဲမှာတော့ အလျဉ်းပြောစရာ အကြောင်းမရှိတော့ပါ” ဟု ကရင်မိဘပြည်သူများနှင့် လူငယ်မောင်မယ် အားလုံးသို့ ပေးပို့သည့် KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် တွေ့ရသည်။
ထို့အပြင် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများက ၎င်းတို့ အုပ်ချုပ်ရာ နေရာများသို့ ဝင်ရောက်နေရာယူခြင်း များနှင့် ပတ်သက်၍ KNLA က ယခုလို ရှု့မြင်သည်။
KNLA က “တစ်ဖက်မှာတော့ ကရင်ဒေသတွေမှာ KNU အုပ်ချုပ်ရေး ဒေသတွေမှာ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာတွေကို အကြောင်းပြုပြီး မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားများက တရစပ် ထိုးဖောက်ဝင်ရောက်လာတာတွေရှိ နေပြန်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ဖက်ဒရယ်ပြည်ထောင်စု မတည် ဆောက်နိုင်ခင်မှာ ကရင်ဒေသတွေကို လွှမ်းမိုးဖို့ ကြိုးစားလာတဲ့ ပြည်ထောင်စု အနှစ်သာရကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုလို့ ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော်အနေနဲ့ ရှု့မြင်သုံးသပ်ပါတယ်” ဟုပြော သည်။
အပစ်အခတ်ရပ်စဲရေး ကာလဖြစ်သည့်အတွက် အင်အား အလုံးအရင်းနဲ့ ကရင်ပြည်နယ်ထဲတွင် မြန်မာ့တပ် မတော် အနေဖြင့် တပ်စွဲထားဖို့ မလိုအပ်တာကတစ်ကြောင်း၊ ရှိနေတဲ့ တပ်စခန်းအရေအတွက် အများအ ပြားဟာ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလဲ ခံလာခဲ့ကြသည့် ဒေသခံ ပြည်သူလူထုအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ပြည်သူလူထုအတွက် အချက်အခြာကျမယ့် နေရာတွေထဲက တပ်စခန်းအချို့ကို လျှော့ချပေးဖို့ KNU ဖက် က ညှိနှိုင်းမှုတွေ ကြိုးစား လုပ်ဆောင်ခဲ့သည်ဟု KNLA က ဆိုသည်။
သို့သော် နှစ်ဖက်သဘောတူ စာချုပ်နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တပ်မတော်က ကရင်ဒေ သအတွင်းသို့ ဆက်လက်ကျူး ကျော်ဝင်ရောက်နေခြင်းကြောင့် လက်တွေ့မှာ ကရင်ပြည်သူလူထုရဲ့ အ သက်အိုးအိမ် စည်းစိမ်ကို အကာအကွယ် မပေးနိုင်ခဲ့သည့်အပြင် သဘောတူညီချက်များကိုလည်း အ ကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ အရပ်သား ပြည်သူလူထုရဲ့ အကျိုးစီးပွားနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးနိုင်ရေးအတွက် အလွန် အရေးကြီးတဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကိုလည်း မပြုလုပ် နိုင်ခဲ့ဟု KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် တွေ့ရသည်။
ထိုအခြေအနေများကြောင့် KNLA မှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် များကို အစွမ်းကုန် လုပ်ဆောင်သွားရာတွင် မိဘပြည်သူများနှင့် လူငယ်မောင်မယ်များမှ နားလည်မှုဖြင့် ကူညီပံ့ပိုးပေးရန် မျှော်လင့် သည်ဟု KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် ဖော်ပြထားသည်။







