ပြည်ထောင်စုအတွက် အကျိုးရှိမည်ဆိုပါက မည်သည့် အဖွဲ့အစည်းနှင့်မဆို တတိယနေရာတစ်ခုတွင် လက်ခံ တွေ့ဆုံဆွေးနွေးသွားရန် အဆင်သင့်ရှိနေသည်ဟု မွန်ညီညွတ်ရေးပါတီ(MUP) တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။
မွန်ညီညွတ်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နှင့် ဇန်နဝါရီ ၄ ရက်နေ့က မော်လမြိုင် မြို့တွင် တွေ့ဆုံကြရန်ရှိခဲ့သော်လည်း တွေ့ဆုံကြမည့်နေရာ ညိုနှိုင်း၍ အဆင်မပြေခြင်းကြောင့် နှစ်ဖက်တွေ့ဆုံမှု ပျက်သွားခဲ့သည်။
အဖွဲ့အစည်းအချင်းချင်းအကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန် တန်းတူထားရှိမှု ရှိစေရေးအတွက် လက်ခံတွေ့ဆုံဆွေးနွေးမည့်နေရာကို တတိယနေရာဖြစ်သည့် မည်သည့်နေရာတွင်မဆို လက်ခံတွေ့ဆုံ ဆွေး နွေးသွားရန် မွန်ညီညွတ်ရေးပါတီ(MUP) က အဆင်သင့်ပြင်ဆင်ထားသည်ဟု ပြောသည်။
“နိုင်ငံအရေးကိစ္စ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ကျနော် တို့က ဘယ်အဖွဲ့အစည်းနဲ့မဆို လက်ခံဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။ ဘယ်အဖွဲ့အစည်းက ဖြစ်စေ ကမ်း လှမ်းလာခဲ့မယ်ဆိုရင် ကျနော်တို့က ပြည်ထောင်စုအကျိုးကို ရှေးရှု ပြီးတော့ လက်ခံဆွေးနွေးသွားဖို့ ဆန္ဒရှိပါ တယ်။ သို့သော် လက်ခံတွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန်လေးစားမှု အပြန် အလှန် တန်းတူထားရှိမယ်ဆိုရင် တတိယနေရာ ဘယ်နေရာမဆို ကျနော်တို့က လက်ခံဆွေးနွေးသွားဖို့ အသင့် ပါ” ဟု MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။
NLD နှင့် တွေ့ဆုံသည့်အခါတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံရမည့် အခြေခံမူ သဘောထားများကို ဆွေးနွေးရန် ပြင်ဆင်ထားခဲ့သည်ဟု လည်း မွန်ညီညွတ်ရေးပါတီခေါင်းဆောင်က ပြော သည်။
“အဓိက နိုင်ငံရေးပိုင်းဆိုင်ရာကို ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ အထူးသဖြင့်တော့ အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ၁၉၄၇ ခုနှစ် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ် ပင်လုံကတိကဝတ်နဲ့ ၁၉၄၇ မှာ ဖဆပလ ပဏာမ ညီလာခံက ချမှတ်သဘောတူထားတဲ့ အခြေခံမူ ၁၄ ချက် နောက် ၁၉၄၇ မှာပဲ တိုင်းပြု ပြည် ပြုလွှတ်တော်က ချမှတ်ထားတဲ့ အခြေခံလမ်းညွှန်မူ ၇ ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အဲဒါကိုပဲ ဆွေးနွေးသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု နိုင်လယိတမ က ပြောသည်။
မွန်ညီညွတ်ရေးပါတီ MUP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ နောက်ထပ်တွေ့ဆုံနိုင်မည့် အခြေ အနေသည် NLD ပါတီ ၏ သဘောထားဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု မွန်ညီညွတ်ရေးပါတီက ပြော သည်။
NLD ပါတီ ဘက်ကလည်း မွန်ညီညွတ်ရေးပါတီနှင့် နောက်ထပ်တွေ့ဆုံရန်ကိစ္စသည် ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ဇန်နဝါရီ ၄ ရက်နေ့က ပြောဆိုခဲ့သည်။
“ဒါကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာပဲ မူတည်ပါတယ် ဗဟိုအလုပ်အမှုဆောင်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ကျနော်တို့က သွားရမှာ” ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။
NLD ပါတီသည် တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေး မြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ဦးဆောင်သည့်အဖွဲ့ ကို ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေဖြင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများ၏ အနိုင်ရကိုယ်စားလှယ်များနှင့် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဒုတိယအနေနှင့် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံဆွေးနွေးကြရန် ဖြစ်သည်။ သို့သော်တွေ့ဆုံမှုမှာ ပျက်ပြားခဲ့ သည်။
မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။







