ကချင်ပါတီများနှင့်တွေ့ဆုံရာ အောင်မြင်မှုရဟု NLD ပြော

ကချင်ပါတီများနှင့်တွေ့ဆုံရာ အောင်မြင်မှုရဟု NLD ပြော

လာမည့် အစိုးရသက်တမ်းတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများကို နေရာပေးရန် အပါအဝင် တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရပ်များကို တိုင်းရင်းသား ပါတီ များဖက်မှ တင်ပြဆွေးနွေးခဲ့သည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်  အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညို က ပြောသည်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ (ယနေ့) တွင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော NLD ပါတီမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်များ ကချင်ပြည်နယ် မြစ်ကြီးနားတွင် တွေ့ဆုံစဉ်တွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများဖက်မှ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အောင်မိုးညိုက “အောင်မြင်ပါတယ်။ အကုန်လုံး ညီအစ်ကို မောင်နှမတွေလိုပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာပါ။ သူတို့ တိုင်းရင်းသားတွေက ကိုယ်ပိုင် အုပ်ချုပ်ရေးတို့ ဖက်ဒရယ်ကိစ္စတို့ တန်းတူညီမျှရေး တို့ အဲဒါတွေပြောတယ်။ နောက်တစ်ခါ အစိုးရတို့ လွှတ်တော်တို့မှာ Check and Balance သေချာအောင် ကောင်းအောင်လို့မို့လို့ တိုင်းရင်းသား ပါတီတွေကိုလည်း နေရာပေးစေချင်တယ်။ အဲဒါတွေပြောတာပါ” ဟုပြောသည်။

တိုင်းရင်းသား ပါတီများဖက်မှ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန်နှင့် လက်ရှိ NLD က ကြွေးကြော်ထားသည့် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့ရာတွင် NLD အနေဖြင့် အဓိက ထည့်သွင်းစဉ်းစား ရမည့် အချက်များကို တင်ပြဆွေး နွေးခဲ့သည်ဟု ဆွေးနွေးပွဲတွင်ပါဝင် သူ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ဒေါက်တာ မနမ်တူးဂျာက “NLD အစိုးရ အနေနဲ့ သဘောထားကြီးကြီးထားပြီးမှ ဒီအစိုးရကောင်းတွေ ဖွဲ့ စည်းနိုင် ရေးကို တိုင်းရင်းသား ညီညွှတ်ရေးအစိုးရ ဆိုတဲ့ ပေါ်လစီအောက်မှာပေါ့လေ လုပ်ဆောင်သွား လို့ရှိရင်တော့ အများကြီး အကျိုးရှိ နိုင်တယ်ပေါ့။ အဲဒါတင်ပြတာ။ နောက်ပြီးတော့မှ ဒီ အာဏာ ၃ ရပ်ကို ဥပဒေပြုအာဏာ အုပ်ချုပ်မှုအာဏာ တရားစီရင်ရေး အာဏာဆိုတာ ရှိတယ်။ ဖက်ဒရယ်မူမှာလည်း ရှိ တယ် အဲဒီမှာ အဓိကကတော့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှှုအာဏာက လက်တွေ့မှာ အင်မတန် အရေး ကြီးပါတယ်လို့ ဒီ ၂ ခုက ဘာလဲ ဆိုလို့ရှိရင်တော့ အာဏာချိန်ခွင့်လျှာ ညှိတာ Check and Balance လုပ် နိုင်တယ် ဒီဟာ ၂ ခုဟာ ဒါကြောင့် ဒီဟာကို တာဝန်ယူသွားတဲ့အပိုင်းမှာကျတော့ သီးခြားပါတီ ပါတီခွဲ အဖြစ်တာဝန်ယူသွား တာ ကောင်းတယ်။ ပါတီတစ်ခုတည်း တာဝန်ယူသွားတာမျိုး မဟုတ်ပဲနဲ့ ဝန်ကြီးချုပ် လွှတ်တော် ဥက္ကဋ္ဌ တွေဟာ ပါတီခွဲပြီးမှ တာဝန်ယူူတာ ကောင်းတာဆိုတာ အမြင်တင်ပြတာပါ” ဟုပြော သည်။

NLD ပါတီ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည့် မူပေါ်လစီအသစ်သည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြီးမားသည့် ခြေလှမ်းသစ်ကို စတင်လိုက်သည့်အတွက် သေချာပုံဖော်ရန်လို အပ်ကြောင်းနှင့် NLD အနေဖြင့် ပါတီစွဲမထားပဲ ဗဟိုမှာရော ပြည်နယ်တွေမှာပါ ကောင်းမွန်သည့် အစိုးရတစ်ရပ် ဖြစ်လာ စေရန် တိုင်းရင်းသား ပါတီများနှင့် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု KSPP ဥက္ကဋ္ဌ က ဆို သည်။

တိုင်းရင်းသား အခွင့်အရေးများကို အာမခံချက်ပေးထားသည့် ၁၉၄၇ ပင်လုံကတိကဝတ်များအား အကောင် အ ထည် ဖော်ပေးရေးနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာ မနမ်တူးဂျာ က ဆက်ပြောသည်။

“အဲဒါက ဘယ်အပေါ်မှီတင်လည်းဆိုရင် ၄၇ ပင်လုံညီလာခံနော အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တယ် ကတိကဝတ်စကားတွေထဲမှာ ဒါတည်မှီ်တာ ဖြစ်ပါတယ်။ အဲဒီမှာ  ၄၇ ပင်လုံညီလာခံရဲ့ သဘောတူညီချက် သူက အချက်တွေဟာ ၉ ချက်၊ ၉ ချက်ထဲမှာ နံပါတ် ၅ နဲ့ နံပါတ် ၇ က အဓိကကျပါ တယ်။ ဒါပဲ ကျနော် တို့က ရည်ညွှန်းတာဖြစ်တယ်။ အဲဒါမှာ နံပါတ် ၅ ကတော့ ပြည်နယ် တွေမှာကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝရဖို့ပေါ့။ နံပါတ် ၇ ကတော့ ဒီမိုကရေစီ အခွင့်အရေး အားလုံး တန်းတူအခွင့်အရေး ရရှိဖို့ ဒါတွေ ကို ကျနော်တို့က အဓိက ရည်ညွှန်းတာ ဖြစ်တယ်ဆိုတာ ရှင်းပြလိုက်ပါ တယ်”

ယနေ့တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ NLD ပါတီ ရုံးချုပ်တွင်ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်း သား ပါတီ ၃ ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီ ပါတီသစ် (ကချင်) NDP – K မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ တက် ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၃ ပါတီလုံး၏ တင်ပြချက်များမှာ တူညီမှုရှိသည်ဟု ဒေါက်တာ မနမ်တူးဂျာက ဆိုသည်။

တွေ့ဆုံပွဲသို့ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၊ ဦးဆမ်အောင်၊ ဦးလမာနော်အောင်၊ LUDP မှ ဦးရွှေမင်း၊ ဦးရွှေ လေး၊ ဒီမိုကရေစီပါတီသစ်(ကချင်) NDP- K မှ ဦးခေါတိန့် တို့တက်ရောက်လာကြပြီး NLD ဖက်မှ ဒေါက် တာ အောင်မိုးညို ၊ဒေါ်နန်းထွေးမြင့်၊ ဦးအင်ထုံခမ်းနော်ဆမ်၊ တို့ ၃ ဦးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကို NLD ပါတီ ကိုယ်စားလှယ်များက NLD ဗဟိုသို့ ဆက်လက်တင်ပြဆွေးနွေးကာ ညှိနှိုင်းမှု ရယူသွားမည် ဖြစ်ပြီး ထို မှတစ်ဆင့် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု KSPP ဥက္ကဋ္ဌ က ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...