ကချင်စစ်ရှောင်များ နေရပ်ပြန်ရေး အကောင်အထည်ဖော်မှုများတွင် စိန်ခေါ်မှုများ ရှိနေသည်ဟု ကချင်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) က ပြောသည်။
၂၀၂၁ နှစ်ဆန်းပိုင်းနေရပ်ပြန်နိုင်ရေး အကောင်အထည်ဖော်နေသော KHCC သည် အစိုးရအဖွဲ့မဟုတ်ပဲ ဘာသာရေးအဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည့်အလျောက် ဘက်ပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေသည်ဟု KHCC ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန် က ပြော သည်။
“ကျနော်တို့ကတော့ အဖွဲ့အစည်းတိုင်းနဲ့ စိန်ခေါ်မှုရှိတယ်။ ပထမဦးဆုံးကတော့ ကျနော်တို့ အစိုးရနဲ့ စိန်ခေါ်မှုရှိ တယ်။ ဘာကြောင့်လဲ အစိုးရက တရားဝင်ပြန်တဲ့အချိန်မှာ သူတို့ရဲ့ လုပ်ဆောင်မှု ပါဝင်မှုလည်း လိုတယ်။ ဒါပေ မယ့် ပါဝင်မှုအပိုင်းမှာ တစ်ခါတစ်လေ ရုံး လုပ်ထုံးလုပ်နည်းအရ မေးလားမြန်းလားတွေ သိပ်များလာတဲ့ အချိန် မှာ စစ်ရှောင်တွေက စိတ်မရှည်နိုင်ဘူး။ စာရင်းကလည်း ခနခန လာကောက်တယ်။ နောက်ပြီးမှ ဘာမှ အကောင်အထည်ဖော်မှု မရှိဘူးဆိုတော့ အဲဒီကိစ္စတွေမှာ ကျနော်တို့က အမြဲတမ်းပြောနေတာကတော့ စာရင်း ကောက်တဲ့ အချိန်မှာ အထူးသဖြင့်တော့ စာရင်းဆိုတဲ့ နေရာမှာ ကျနော်တို့နဲ့ ဒီမှတ်ပုံတင်ကိစ္စပေါ့ ဒီနေရာမှာ ကျနော်တို့က အမြဲတမ်းပြောတယ်။ အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးလုပ်ပေးပါ။ ဘယ်နေရာ သွားတယ် ဘာ လုပ်တယ် မမေးပါနဲ့ ဆိုရင် အားလုံးတစ်နေ့ပြန်လာမှာပါ။ ဆိုတော့ အဲဒါတွေကိုပြောတယ်။”
အဆိုပါ ကိစ္စရပ်များ အဆင်ပြေနိုင်ရေး KHCC အနေဖြင့် အစိုးရဌာနဆိုင်ရာများနှင့်လည်း ညှိနှိုင်းဆောင်ရွက်မှု များ လုပ်ဆောင်နေရသည်ဟု ဒေါက်တာခါလမ်ဆမ်ဆွန် က ပြောသည်။
“အစိုးရနဲ့လည်း အခုန ပြောတဲ့အတိုင်း စိန်ခေါ်မှု တွေ ဥပမာ ကျနော်တို့ Return အတွက် သစ်လုပ်ငန်း အတွက် အိမ်ဆောက်ဖို့ ပျဉ်တွေလိုတဲ့အချိန်တွေမှာ သစ်ကားတွေ ဖမ်းပေးတာမျိုးတို့ မတရား ပိုက်ဆံတောင်းတာတို့ အောက်ခြေကနေ အဲဒါမျိုး လုပ်လာတဲ့ အချိန် မှာ ကျနော်တို့ ညှိရတာတွေ ရှိတာပေါ့”
ကချင်ဒေသရှိ စစ်ရှောင်ပြည်သူများ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင် ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းအန္တရာယ်ကာကွယ်ရေး အမြင်ဖွင့်ခြင်းများနှင့် မြေမြုပ် မိုင်းများ ရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်ဟု KHCC က ထုတ်ပြန် ထားသည်။
စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကို မြောက်ပိုင်း စစ်ဌာန ချုပ်မှ လုပ်ဆောင်ပေးနေသည်။
“စစ်တပ်နဲ့ကျတော့ ကျနော်တို့ ခုနပြောတဲ့အတိုင်း ဒီ မိုင်းရှင်းလင်းရေး နေရာမှာ ကျနော်တို့က နိုင်ငံ တကာ အားလုံး ပါဝင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် လုံခြုံရေးအရ သူကတော့ စစ်တပ်ပဲ လုပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေ ကျနော်တို့ကိုပေးတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ကတော့ KIO ဧရိယာက IDP တွေ လာတဲ့အချိန်မှာ စစ်တပ်ကို ဖြတ်ရတဲ့အချိန်မှာ စစ်လားမြန်းလားတွေ ကျနော်တို့နဲ့ ညှိနှိုင်းထားတာ တွေရှိတယ်” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန်က ပြောသည်။
ထို့ကြောင့် ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေသည့် လုပ်ငန်းများအား အရှိန်အဟုန်တိုးမြင့် လုပ်ဆောင်နိုင်ရေး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့မှ ပံ့ပိုးကူညီပေးရန် ကချင်ဒေသရှိ စစ်ဘေးရှောင် ပြည်သူ များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) က ဒီဇင်ဘာလ ၈ ရက်နေ့ က ထုတ်ပြန် တောင်းဆိုထား သည်။
KHCC အနေဖြင့် NRPC မှ ဖွဲ့စည်းပေးထားသည့် “ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့” နှင့် ဆွေးနွေးညှိနှိုင်းကာ ကချင် ဒေ သရှိ စစ်ဘေးရှောင်ပြည်သူများ မူလနေရပ်ပြန်နိုင်ရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိရာ ထိုလုပ်ငန်းများ အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နိုင်ရေး နိုင်ငံတော် အကြီးအကဲများ၏ ပံ့ပိုးလမ်း ညွန်မှုနှင့် တွန်းအားပေးမှုများ လိုအပ်နေသည်ဟု ဆိုသည်။
ဒေါက်တာခါလမ်ဆမ်ဆွန် က “နောက်ပြီးမှ IDP နဲ့ စိန်ခေါ်မှုကတော့ အခုနပြော တဲ့အတိုင်းပေါ့ ပြန်ချင်တဲ့ သူ တွေရှိတယ်။ နေရာအသစ်ရှာချင် တဲ့သူတွေရှိတယ်။ ပြန်ရမှာ စိုးရိမ်ပြီးမှ မပြန်ချင်တဲ့သူတွေရှိတယ်။ နောက်ပြီး မှ နိုင်ငံတကာနဲ့အရတော့ စံချိန် စံနှုန်းအရပဲ သူတို့က ကူညီချင်တယ်။ ပြီးရင်သူတို့က ဒီ IDP ကို သူတို့က လက်ရှိ Emergency assistance တွေကတော့ သူတို့မကူညီချင်တော့ဘူး။ သူတို့က ဒီ Return နဲ့ ဒီ Return မှာ Livelihood အတွက်ပဲ ပိုပြီးမှ ဦး စားပေးလာတယ်။ ဆိုတော့ ဒီအပိုင်းတွေပေါ့ သူတို့နဲ့ ကျနော်တို့ စိန်ခေါ်မှှု နောက် နိုင်ငံတကာ စံချိန်စံညွှန်းအရ ပဲ ကူညီမယ်ဆိုရင်တော့ သူတို့နဲ့တော့ ကျနော်တို့ တော်တော်ကို challenge ကတော့ တော်တော်များပါတယ်” ဟု ဆက်ပြောသည်။
နောက်ထပ် စိန်ခေါ်မှု တစ်ခုက KHCC နဲ့ အရပ်ဖက် လူထု အခြေပြု အဖွဲ့အစည်းတွေ အကြား နားလည်မှု မရှိတဲ့ ပြဿနာ ဖြစ်တယ်လို့ ဆက်ပြောသည်။
“နောက် ကျနော်တို့ KHCC နဲ့ CSO ကြားထဲမှာလည်း နားလည်မှုတွေ မရှိကြဘူး။ လွဲမှားမှုတွေရှိကြတာပေါ့ ကျနော်တို့က ကျနော်ပြောတယ် ကျနော်တို့ ဒီ KHCC က အသင်းတော် ဘာသာရေး ခေါင်းဆောင်တွေ ကျနော် တို့က ပရိတ်သတ်ရှိတယ်။ လူထုရှိတယ်။ လူထုရဲ့ အသံကျနော်တို့ အမြဲတမ်းကြားတယ်။ CSO က လူထု မရှိ ဘူး။ သူတို့က faction အတွက်ပဲ သူတို့က လုပ်တယ်ဆိုတော့ သူတို့က နားပူစရာ မရှိဘူး။ နားပူစရာ သူတို့ မခံရဘူးပေါ့။ ကျနော်တို့က နားပူစရာ ခံရတယ်။ ဆိုတော့ ဒီဟာမျိုးမှာ လုပ်ဆောင်မှု အပိုင်းမှာ နည်းနည်း ကွဲလွဲ မှုတွေ စိန်ခေါ်မှုတွေရှိတာပေါ့။ အဲဒါမျိုးတွေပေါ့ အဖက်ဖက်က ရှိနေပါတယ်။”
ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာ အတွင်း ကွင်းဆင်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန်မည့်သူများ၏ စာရင်းများကိုလည်း ကောက်ယူခဲ့ကြသည်။
နေရပ်ပြန်ရေး နာမည်စာရင်းပေးထားကြသည့် စစ်ရှောင်များကလည်း လုံခြုံရေးအပြင် နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူူထောင်ရေးလုပ်ငန်းများ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အာမခံချက်ရှိရှိဖြင့် ကူညီလုပ်ဆောင်ပေး ရန် လိုအပ်ကြောင်း တောင်းဆိုထားသည်။
ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေး KHCC က လုပ်ဆောင်လျှက်ရှိရာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျေးရွာ ပေါင်း ၁၈ ရွာက စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စီစဉ်နေသည်ဟု KHCC က ပြောသည်။







