တိုင်းရင်းသား ပါတီများနှင့်တွေ့ရန် NLD အဖွဲ့ဖွဲ့

တိုင်းရင်းသား ပါတီများနှင့်တွေ့ရန် NLD အဖွဲ့ဖွဲ့

တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု NLD ပါတီက ပြောသည်။

အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် ၃ ဦးပါဝင်ကြောင်း ရွေးကောက်ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပထမဆုံး အကြိမ် ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ် အမှုှဆောင် အစည်းအဝေးအပြီးတွင် သတင်း မီဒီယာ များ ၏ မေးမြန်းမှုကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အားလုံး သိချင်နေတဲ့ ကိစ္စကတော့ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဖို့အတွက် ကျနော်တို့ ခေါင်းဆောင် ၃ ဦး ရွေးလိုက်ပါတယ်။ တစ်က ဒေါက်တာ အောင်မိုးညိုပါ။ နှစ်က ဒေါ်နန်းခင်ထွေးမြင့်ပါ။ သုံးက ဦးအင်ထုံခမ်းနော်ဆန်ပါ။ သူတို့ သုံးဦး ကနေပြီးတော့ တိုင်းရင်းသား နိုင်ငံရေး ပါတီများနဲ့ ဦးဆောင်ပြီး တော့ ဆွေးနွေးမှာပါ” ဟု ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် အဖွဲ့အနေဖြင့် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး စတင် လုပ်ဆောင်သွားမည်ဟု ဒေါက်တာ မျိုးညွှန့်က ဆက်ပြောသည်။

“အမြန်ဆုံး ကျနော်တို့ လုပ်ငန်းစပါမယ်။ အဓိကက ဘာလုပ်မလဲဆိုရင် ဒီတိုင်းရင်းသား ဒီ နိုင်ငံရေး ပါတီတွေရဲ့ သူတို့ရဲ့ လိုချင်တဲ့ သဘောထားကို ကျနော်တို့ အရင်နားထောင်မယ်။ နောက်ပြီးတော့ ညှိနှိုင်း လို့ရတဲ့ နေရာတွေမှာ သူတို့ ညှိနှိုင်းပြီးတော့ ဘုံသဘောထား ရရှိအောင်လုပ်မယ်။ ပြီးရင် ကျနော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှှုဆောင်မှာ ပြန်လည် ဆွေးနွေးပြီး အတည်ပြုမှာပေါ့” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

NLD ပါတီ၏ တိုင်းရင်းသားများနှင့် ပတ်သက်သည့် မူဝါဒမှာ ဒီမိုကရေစီ ဖက်ရယ်တည်ဆောက်ရေး ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်လား ဖက်ဒရယ် ဒီမိုကရေစီလားဆိုသည့် နေရာတွင် ကွဲလွဲမှုများ ရှိနေ ကြောင်းနှင့် ၎င်းတို့ရည်ရွယ်သည့် ပြည်ထောင်စု ဆိုသည်မှာ ဒီမိုကရေစီအခွင့်အရေး များရရှိရန်နှင့် ဖက်ဒ ရယ်အရ တန်းတူညီမျှမှု ရှိရေးတို့ဖြစ်ပြီး ရှေ့နောက်စကားလုံး ကွဲလွဲသည်ထက် အရည်အသွေးပြည့်စုံရန် သာ အရေးကြီးသည်ဟု မြင်ကြောင်း ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ယခုဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့အနေဖြင့် အစိုးရဖွဲ့စည်း ရေး ထက် အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေး ပုံသဏ္ဍာန်အား ဘုံသဘောထား ရယူရန် ဆွေးနွေး သွားမည်ဖြစ် သည်ဟု NLD က ဆိုသည်။

သို့သော် အစိုးရအဖွဲ့ ဖွဲ့ရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများဖက်မှ တင်ပြလာပါက ထည့်သွင်း စဉ်းစား သွားမည်ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

“သို့သော် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပြည်ထောင်စု အစိုးရ ပြည်နယ်အစိုးရ မှာ ပါ ဝင်သင့်တဲ့ သူတွေ သူတို့တင်ပြလာမယ်ဆိုရင်လည်း ဒါကျနော်တို့ ထည့်သွင်းစဉ်းစားရမယ်။ ပြည်လည် ညှိ နှိုင်းရမယ်။ ဒါကတော့ ရှိပါတယ်။ တစ်ခါတည်းတော့ ပယ်ချမှာ မဟုတ်ပါဘူး”

ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့် လေးရက်အကြာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က NLD ပါတီက တိုင်းရင်းသား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသား လူမျိုးစု များ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD က ဆိုသည်။

ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ် ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများ ကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

အဆိုပါ စာပေးပို့ထားပြီး တစ်လအကြာတွင် NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် ၃ ဦးပါသည့် တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်သည့်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် လွှတ် တော်နေရာ တော်တော် များများကို အနိုင်ရရှိထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...