ခင်သရဖီဦး - ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သော စာရွက်စာတမ်းများကို မိတ္တုကူးယူခွင့်ရရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ၏ တောင်းဆိုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ငြင်းပယ်လိုက်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့တွင်ထုတ်ပြန်သည့် ကော်မရှင်၏ အသိပေးကြေညာချက်အရ သိရသည်။
တပ်မတော်ကမူ လွတ်လပ်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာ အသိအမှတ် ပြုနိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်စဉ်များအား စိစစ်သုံးသပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကို ကူးယူခွင့်တောင်းခံရာတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့(ခွဲ) အဆင့်ဆင့်အား ညွှန်ကြားပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ မေတ္တာရပ်ခံကြောင်း နိုဝင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင်မူ တပ်မတော်၏ မေတ္တာရပ်ခံ ချက်တွင် ဖော်ပြထားသည့်အတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အဆင့်ဆင့်ကို ညွှန်ကြားရမည်ဆိုပါက ဥပဒေနှင့်မညီသောကြောင့် လုပ်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။
တပ်မတော်မှတောင်းခံလာသည့် ရွေးကောက်ပွဲစာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရမည် ဆိုခြင်းကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများမှာ ပြဋ္ဌာန်းထားခြင်းမရှိဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၈၆(ခ)ပါ ပြဋ္ဌာန်းချက်အရ မဲစာရင်းများနှင့် ရွေးကောက်ပွဲစာရွက်စာတမ်းများကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ (သို့မဟုတ်) ခရိုင်ကော်မရှင်အဖွဲ့ခွဲများက မပျောက်မပျက်စေရန် ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရသည်ဟုလည်း ထုတ်ပြန်ချက်က ရေးသားထားသည်။
တပ်မတော်မှ တောင်းခံလာသည့် ရွေးကောက်ပွဲစာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရမည်ဆိုခြင်းကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများမှာ ပြဋ္ဌာန်းထားခြင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
ထို့အပြင် မဲစာရင်းများသည် နည်းဥပဒေနှင့်အညီ ချိတ်ပိတ်ထားသော အထုတ်များကိုလည်း မိတ္တူကူးယူခွင့် ပြုမည်ဆိုသည့်ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း UEC က ထုတ်ပြန်ချက်ကဆိုသည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း ပွင့်လင်းမြင်သာမှုအားနည်းခဲ့သောကြောင့် ယခုကဲ့သို့ နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
“UEC အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်ကနေ ပွင့်လင်းမြင်သာမှုအားနည်းခဲ့တယ်လို့ ကျနော်တော့ ပြောချင်ပါတယ်။ အခုရွေးကောက်ပွဲအလွန်မှာ ဖြစ်တဲ့ပြဿနာက မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကို တပ်မတော်ကလည်း သူတို့ရထားတဲ့အခွင့်အရေးကို သူတို့ပိုင်စိုးဖို့ကြိုးစားတယ်လို့ ယူဆပါတယ်’’ဟု ၎င်းကဆိုသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ နိုင်ငံတစ်ဝန်းတွင်ဖြစ်ပွား ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် “ရွေးကောက်ပွဲဖြစ်စဉ်များကို ဥပဒေနှင့်အညီ နည်းလမ်းတကျဖြစ်ထွန်း ခဲ့ခြင်းရှိ၊မရှိကို တပ်မတော် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ယင်းတို့၏အိမ်ထောင်စုဝင်များ ဆန္ဒမဲ ပေးခဲ့သည် မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များအပေါ်မူတည်၍ ပြန်လည်စိစစ်သုံးသပ်လျက် ရှိသည်”ဟု နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ထားသည်။







