ပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ကျင်းပ

ပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ကျင်းပ

ယဉ်ထောမွန် — အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းသိပ္ပံကျောင်း၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 “ပိုမိုကောင်းမွန်သည့်ကိုဗစ်၁၉အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမှီပါဝင်ပြီး  ရေရှည်တည်တန့်ရန်ကြိုးစားစို့” ဟူ၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်တွင် ဖော်ပြထားသည်။  

မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးများ၊ တရားမမျှတမှုများနှင့် ခွဲခြားဆက်ဆံမှုများကို ကျော်လွှားလွတ်မြောက်နိုင်စေရန် ရည်ရွယ်၍လုပ်ဆောင်ဖြစ်ကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးစောအောင်သိန်းတင်က ပြောသည်။

“ကျွန်တော်တို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ကို၂၀၁၉ မေလမှာ စတင်ဖွဲ့စည်းခဲ့တာပေါ့ ကျွန်တော်တို့သင်းကတော့ ဇီရိုးဘတ်ဂျက်နဲ့ရပ်တည်နေရတယ် ဘယ်အစိုးရမှ ထောက်ပံ့မှု မရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရပ်တည်နေရတယ်” ဟု ဆိုသည်။

ထို့ပြင် နိုင်ငံဂုဏ်ဆောင်ထူးချွန်ဆုရှိခဲ့သည့် မသန်စွမ်းလူငယ်နှစ်ဦး၏ ကြိုးပမ်းဆောင်ရွက်မှုများ Video မှတ်တမ်းပြသ၍ IT နှင့် အားကစားထူးချွန်လူငယ် နှစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်သည်။

“ကျွန်တော်ကတော့ ဒီခြင်းလုံးအားကစားကို မြန်မာမှာသာမက ကမ္ဘာကသိအောင် ရှေးဆက်ကြိုးစားသွားမယ်၊ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီးတော့ကြိုးစားရတယ်၊ ကျွန်တော်တို့ဘဝတူမသန်စွမ်းတွေကို စိတ်ဓါတ်မကျပဲ ကြိုးစားကြပါလို့ တိုက်တွန်းချင်တယ်”ဟု ခြင်းလုံးအားကစားထူးချွန်သူ ကိုမင်းမင်းထွန်းက ဆိုသည်။

သို့ရာတွင် ကျိုက်မရောမြို့နယ်တွင် အခမ်းအနားအား အကျဉ်းချုပ်ဂုဏ်ပြုပွဲနှင့် အမှတ်တရပေးပွဲတို့ဖြင့် တနိုင်တပိုင်သာ ကျင်းပနိုင်ခဲ့ကြောင်း ကျိုက်မရောမြို့နယ် မသန်စွမ်းသူများအသင်းဥက္ကဌ ဦးမျိုးချစ်က ပြောသည်။

“ဒီမှာက တစ်ရွာနဲ့တစ်ရွာ အလှမ်းဝေးတယ် မသန်စွမ်းသူဦးရေ ၃၀၀ လောက် အနည်းဆုံးရှိမယ်လို့ထင်တယ်၊ ထောက်ပံ့ကြေးတွေနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့နှစ်တွေမှာ ကျပ် ၃ သောင်းတစ်ခါရဖူးတယ် ဒီနောက်ပိုင်းနှစ်တွေမှာဆို မရတာတော့ကြာပြီး၊  ဒီကိုဗစ်ကာလမှာ ဆိုရင်ထောက်ပံ့ကြေးတွေ တစ်ခါမှမရဖူးဘူး”ဟု ဦးမျိုးချစ်က ဆိုသည်။

မွန်ပြည်နယ် သန်ခေါင်းစာရင်းမှတ်တမ်းအရ မသန်စွမ်းသူ ၂ သိန်း ၆ သောင်းခန့်ရှိပြီး ကိုဗစ်ကာလထောက်ပံ့ကြေးများကို မသန်စွမ်းသူဦးရေ ၁ သောင်း ၄ ထောင်ကျော်ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ကိုဗစ် ၁၉ အလွန်ကာလ မသန်စွမ်းသူတို့ဖြတ်သန်းရမယ့် အနာဂတ်နေ့ရက်များအတွက် ယခုထက်ဘက်စုံပိုမိုကောင်းမွန်သော အခြေနေများဖြစ်ထွန်းစေရန် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အနေဖြင့် မွန်ပြည်နယ် မသန်စွမ်းသူများအသင်းတို့နှင့်အတူ ဘက်စုံကဏ္ဍစုံမှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

မြန်မာတစ်နိုင်ငံလုံး အနေဖြင့် မသန်စွမ်းသူ ၂ ဒဿမ ၃ သန်းခန့် မြန်မာပြည်ရှိ လူဦးရေ၏ ၄.၆% ရှိကြပြီး ကိုယ်ကာယ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းဟူ၍ အမျိုးအစား(၄)မျိုး  သတ်မှတ်ထားကြောင်း သိရသည်။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...