ဦးထိုက်ဇော် လုပ်ကြံခံရမှု ကုလသမဂ္ဂ ရှုတ်ချ

ဦးထိုက်ဇော် လုပ်ကြံခံရမှု ကုလသမဂ္ဂ ရှုတ်ချ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဦးထိုက်ဇော် လုပ်ကြံခံရမှုကို ကုလသမဂ္ဂက ရှုတ်ချကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ထားသည်။  

ဦးထိုက်ဇော် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ တုန်လှုပ်ဖွယ် ရာဇဝတ်မှုကို ကုလသမဂ္ဂက ရှုတ်ချပြီး ယင်းဖြစ်ရပ်တွင် ကျူးလွန်သူများကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ကာ တရားဦပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် မျှော်လင့်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ရှမ်းပြည်နယ် အမျိုသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၏ NLD ပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် နိုဝင်ဘာလ ၂၁ ရက် ညနေ ၆ နာရီကျော်က နောင်ပိန်ကျေးရွာအုပ်စု၊ ပန်တိန်ရွာရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်နှင့် ရောက်လာသည့် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့သည်။ ဦးထိုက်ဇော်သည် သေနတ်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီးနောက် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း သေဆုံးသွားခဲ့သည်။

ဦးထိုက်ဇော် သတ်ဖြတ်ခံရမှုအပေါ် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရမှုကို အံ့ဩတုန်လှုပ်ကြောင်း၊ ယခုကဲ့သို့ ခက်ခဲသည့်အချိန်မျိုးတွင် ကွယ်လွန်သူ၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရကို ထိခိုက်စေရန်ရည်ရွယ်သော ရက်စက်ပြီး တရားနည်းလမ်းမကျသည့် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချပြီး ကျူးလွန်သူများကို အရေးယူအပြစ်ပေးရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း သတင်းထုတ်ပြန်ထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှုအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီတို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ တအာင်း TNLA အဖွဲ့တို့က ကန့်ကွက် ရှုတ်ချထားသည်။  

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရသည့် အကြောင်းအရင်းနှင့် လုပ်ကြံသူများကို မသိရှိရသေးပေ။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...