ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တာဝန်ရပ်စဲခံရ

ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တာဝန်ရပ်စဲခံရ

ယဉ်ထောမွန် — မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံပါးအား မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က တာဝန်မှရပ်စဲလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ(၁)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ၁၂၀၈ မဲရရှိခဲ့ပြီး စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင် ၇၆ မဲသာရရှိခဲ့သည့်အပေါ် ဖိအားပေးလာခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုလျှက်ရှိသည်။

ဦးစံပါးက “ယခုကိစ္စမှာ အပြစ်ကြီးကြီးမားမားပေးရတဲ့ ကိစ္စလည်းမဟုတ်ဘူး၊  ရွေးကောက်ပွဲမှာ ကျွန်တော်တို့ မွန်ပါတီ ၉၀ ရာခိုင်နှုန်းလောက်မဲလိုက်တဲ့အပေါ်မှာ မကျေနပ်လို့တမင်သက်သက်ချောက်ချတယ်လို့ ထင်တယ်၊ ကျွန်တော့်အပေါ်မှာ အပြစ်ရှာနေတာလည်းကြာပြီ၊ ခုလိုမျိုး အမိန့်မချခင်မှာ ကျွန်တော့််ကိုအရင် စစ်ဆေး မေးမြန်းစေချင်တယ်”ဟု ဆိုသည်။

၂၀၁၀ ခုနှစ်မှစတင်၍ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ၁၀ နှစ်ကာလအတွင်း အလွဲသုံးစားမလုပ်ဖူးကြောင်းနှင့် ရွာသူ/သားများအပေါ် ငွေကြေးကောက်ခံထားမှု မရှိခဲ့ကြောင်း ဦးစံပါးက ဆက်ပြောသည်။

သို့ရာတွင် စာရင်းသွင်းရန်နှင့် ဟောင်းနွမ်းဆွေးမြေ့သော အိမ်ထောင်စုစာရင်းများကို လဝကမှ လုပ်ငန်းလာရောက်ဆောင်ရွက်ခဲ့ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံပါးဦးဆောင်သည့်အဖွဲ့က ကျေးရွာသူ/သားများထံမှ ငွေကျပ် ၂၀၀၀ ကျပ်စီ ကောက်ခံသည့်အပြင် မဲစာရင်းကိစ္စအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးစဉ်က ငွေကျပ် ၁၀၀၀ ကောက်ခံ၍  အဂတိတရားဖြင့်အုပ်ချုပ်နေကြောင်း မင်းထွန်းအောင်ဆိုသူက Video ရုပ်သံနှင့်တစ်ကွ ရွေးကောက်ပွဲမတိုင်ခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဒေါင်းဥကျေးရွာ ရပ်ကွက် ၅ နေ ဒေါ်မီးငယ်က “အန်တီ ဒီရွာမှာနေတာ အနှစ်(၃၀)ရှိနေပြီ ဘယ်သူ့ကိုမှလည်း မလိမ်လည်ခဲ့ဘူး အဟုတ်ကိုအဟုတ်တိုင်းပဲပြောတယ်၊ မှတ်ပုံတင်သွားယူတဲ့နေ့ကလည်း ဒီအတိုင်းပဲသွား သွားတယ် ပိုက်ဆံလည်းမပါသွားဘူး ဘယ်နေရာမှလည်းမပေးခဲ့ရဘူး”ဟု ဆိုသည်။

လက်ရှိ လူဦးရေ ၃၀၀၀ ကျော် နေထိုင်သည့်ဒေါင်းဥကျေးရွာတွင် ရာအိမ်မှူး ဦးစိုးဝင်း(ခ)ဘကျော့အား ခေတ္တအုပ်ချုပ်ရေးမှူးအဖြစ် ယာယီတာဝန်ခန့်အပ်ထားကြောင်း သိရသည်။

အလားတူ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တော်ကနာကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦးတို့ကိုလည်း ရေပိုက်လိုင်းသွယ်တန်းသည့်ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့်မေလအတွင်းက တာဝန်ရပ်စဲခဲ့သည်။

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...