ရသေ့တောင်မြို့နယ် အောင်သာစည်ရွာဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုများရှိ

ရသေ့တောင်မြို့နယ် အောင်သာစည်ရွာဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုများရှိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းနယ်မြေရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် အောင်သာစည်ကျေးရွာအနီးဝန်းကျင်ကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၂ဝ ခန့်က ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည်ဟု  ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့တွင် လူမှုရေးလုပ်ငန်းများလုပ်နေသူ ကိုအောင်မင်းစိုးက “ ဂျက်လေယာဉ်ခေါ်မလားမသိဘူး။ အတော်မြန်တယ်။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ခဏအကြာ အောင်သာစည်ရွာဘက်မှာ မီးခိုးတွေတော့ ထွက်နေတယ်” ဟုပြောသည်။

၎င်း ဂျက်လေယာဉ်များ ပျံသန်းသွားပြီးနောက် ၎င်းရွာအနီးမှ ဂျက်လေယာဉ်ပေါ်မှ ပစ်သံများ ကြားရကြောင်း ကျောက်တန်းကျေးရွာမှ ရသေ့တောင်မြို့ပေါ်သို့ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ဒီလိုလာပြီးပစ်တာ။ အခုပြောနေချိန်လည်းပစ်နေတာပါ။ ဂျက်လေယာဉ် သုံးစီးပျံသွားတာ တွေ့လိုက်ပါတယ်။ တစ်စီးကပစ်တယ်လို့ သိရပါတယ်။  အတော်မြန်တယ်။ လေယာဉ်ပျံသွားပြီးနောက် ရသေ့တောင်မြို့ပေါ်ကလည်း ပစ်နေတာပဲ။ အစ်မတို့လို လူငယ်တွေတောင် လက်နက်ကြီးပစ်ရင် လန့်တယ်။ မခံနိုင်ဘူး။ သက်ကြီးရွယ်အိုတွေဆို မလွယ်ဘူး ”ဟု ယနေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ရာ သူမကပြောသည်။

၎င်းဂျက်တိုက်လေယာဉ်မှာ မိနစ် ၃ဝ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ အောင်သာစည်ကျေးရွာမှာ ရသေ့တောင်မြို့နှင့် ၇ မိုင်ခန့်အကွာတွင်ရှိကြောင်း ၊အရပ်သားထိခိုက်မှု ရှိမရှိ တစ်စုံတစ်ရာမကြားရသေးကြောင်း သူမက ဆက်ပြောသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း လေကြောင်းမှ တိုက်ခိုက်မှုများရှိခဲ့ကြောင်း အတည်ပြုပြောကြားသည်။

“ဟုတ်တယ်။ ဂျက်သုံးစီးနဲ့ လာတယ်။ တစ်စီးကပစ်တာလို့သိရတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူးလို့ သိရတယ်။ ရသေ့တောင်မြို့ပေါ်ကတော့ အောင်သာစည်ကို နေ့တိုင်းလိုလိုပစ်နေကျပါ။ အရပ်သား ထိခိုက် မှုတော့ မကြားပါဘူး။ အဲဒီအောင်သာစည်မှာ ရွာသားတွေမရှိပါဘူး” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပါ။

အောက်တိုဘာ ၂၆ ရက် ကလည်း ရသေ့တောင်မြို့နယ် အနောက်ပိုင်း စေတီပြင်အနီးရှိ အထက်နန်းရာ တောင်ကျော်လမ်းနှင့် မောင်တောမြို့နယ် ကျောက်ပန်းတူ အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး မေယုတောင်ခြေတွင် ယာယီစခန်းချထားသည့် တပ်မတော်တပ်စခန်း တစ်ခုနှင့် ရသေ့တောင်မြို့နယ် အထက်နန်းကျေးရွာအနီးက နယ်ခြားစောင့် စခန်းတစ်ခုကို AA မှ တိုက်ခိုက်ပြီး အာရ်ပီဂျီဖြင့် လာရောက်ပစ်ခတ်၍ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှု အနည်းရှိကြောင်း ဧရာဝတီ သတင်းဌာနမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးမြန်းပြီး သတင်းတင်ပြထားသည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...