တပ်မတော်နှင့် SSA တောင်ပိုင်း၊ TNLA တို့အကြား ရှမ်းမြောက်တွင် တိုက်ပွဲများ ဖြစ်ပွား

တပ်မတော်နှင့် SSA တောင်ပိုင်း၊ TNLA တို့အကြား ရှမ်းမြောက်တွင် တိုက်ပွဲများ ဖြစ်ပွား

ရွေးကောက်ပွဲ နီးလာနေစဉ်မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား ဆက်တိုက် ဆိုသလို တိုက်ပွဲများ ယခုလအတွင်း ဖြစ်ပွားနေသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ကွတ်ခိုင်၊ မိုးမိတ်၊ တန့်ယန်း မြို့နယ်တို့တွင်လည်း တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ပြောသည်။

အောက်တိုဘာလအတွင်းတွင် တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက် RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုမ်ခေး က ယခုကဲ့သို့ ပြောသည်။

“ဒီလက ဒီကျောက်မဲဂွင်မှာပဲ ဖြစ်ခဲ့တာ ဒီလ ၂ ရက်နေ့ အစက နည်းနည်းပါးပါးပေါ့လေ အဲဒီအခါကျတော့ ၃ ရက်နေ့ ၄ ရက်နေ့က နည်းနည်းပြင်း ထန်တယ်။ မနေ့ ၅ ရက်နေ့ကျတော့လည်း ဆက်လက်ဖြစ်ပွားသေးတယ်။ ပုံဝိုး၊ ဟဲကွီ၊ ခန့်ခဲ၊ အဲဒီကျေးရွာအုပ်စုတွေပေါ့နော။ အကြိမ်ရေက ၁၀ ကြိမ်ကျော်တာပေါ့နော်။”

တပ်မတော်က ကျောက်မဲမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပဲ ဝင် ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားလာရခြင်းဖြစ်သည် RCSS/SSA က ပြော သည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးပြီးနောက် RCSS အနေဖြင့် တပ်မတော်တပ်စခန်းများကို စတင် ဝင်ရောက်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိပဲ တပ်မတော်ဖက်မှ အကြောင်းကြား အမျိုးမျိုးပြကာ ၎င်းတို့၏ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု များစွာရှိသည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နှစ်ဖက်လက်နက်ကိုင် အဖွဲ့ အစည်းကြားတွင် စစ်ရေးတင်းမာမှု ရှည်ကြာလာနိုင်ပြီး နောက်ဆုံးတွင် မြို့ပေါ်အထိ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောသည်။

“RCSS ကို အကြောင်းအမျိုးမျိုး ပြပြီးတော့ စစ်ဆင်ရေး ခဏခဏ ဝင်တိုက်တာ အများကြီးရှိတယ်။ အဲဒီအခါကျတော့ NCA ကိုလည်း ဆန့် ကျင်ဘက်ဖြစ်တယ်။ ပြီးတော့ စစ်ရေးတင်းမာမှုကိုလည်း ရေရှည်ဖြစ်နိုင်တယ်။ နောက်ဆုံး ဒီလိုမျိုးပုံစံ ထပ် သွားမယ်ဆိုရင်တော့ ခန့်မှန်းရတာက နည်းနည်းစိုးရိမ်စရာရှိတာက စစ်ပွဲက ဆက်လက်ပြီးတော့ ကျယ်ပြန့် နိုင်တယ်။ နောက်ဆုံး ကားလမ်းမပေါ် ရောက်လာနိုင်တယ်။ ပြီးတော့ မြို့ပေါ်အထိတောင် ဆက်လက်ပြီး တော့ တိုက်ပွဲဖြစ်ရင် ဖြစ်လိမ့်မယ်။”

လက်ရှိတွင် မြေပြင် အနေအထားအရ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းအကြားတွင် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေပြီး တပ်မတော်ဖက်မှလည်း တပ်အင်အားများကို ထပ်မံဖြည့်တင်းထားသည်ဟု RCSS/SSA က ပြောသည်။

တပ်မတော်သည် RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားနေသကဲ့သို့ ကွတ်ခိုင်၊ မိုးကုတ်၊ တန့်ယန်းမြို့နယ် တို့တွင် လည်း တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“၂ ရက်နေ့က ဒီကွတ်ခိုင်မြို့နယ် မန်ပုံအထက်က မန်ပုံတောင်ကြောခေါ်တာပေါ့ အဲဒီတောင်ပေါ်မှာ မိုးကုတ်မြို့နယ်ထဲက ဟိုဝိတ်ရွာရဲ့ အထက်နားက တောင်ကုန်းပေါ်မှာဖြစ်တယ်။ နှစ်ခု လုံး က တပ်က ကျနော်တို့ တပ်တွေ ရှိတဲ့နေရာ တောတွင်းစခန်းကို လာရောက်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်။ ၃ ရက်ကျတော့ အဲဒီ မန်ပုံတောင်ကြောပေါ်မှာပဲ ၄ နေရာဖြစ်တယ်။ ဒီတန့်ယန်း မြို့နယ်ထဲက တစ်နေရာ ဖြစ်တယ်။ ကွတ်ခိုင်ဖက်က ၅ ကြိမ်နဲ့ တန့်ယန်းဖက်က တစ်ကြိမ် ၆ ကြိမ်ဖြစ်တယ်။ ၄ ရက်နေ့ ကျတော့ တစ်ကြိမ်ဖြစ်တယ်။ ကွတ်ခိုင်မြို့နယ်ထဲက ကွတ်ခိုင်ဖက်က အကုန်လုံးကတော့ အဲဒီ မန်ပုံတောင် ကြော နားမှာ ဖြစ်တယ်”

အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများမှာ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး ယခုလအတွင်း တိုက်ပွဲ ဖြစ်ပွားသည့် အကြိမ်အရေအတွက် ၉ ကြိမ်အထိရှိလာသည်ဟု ဆိုသည်။

“၆ ကြိမ်ဖြစ်တယ်။ ၃ ရက်နေ့ ၄ ရက်နေ့က တစ်ကြိမ်ဖြစ်တယ်။ ၂ ရက်နေ့က ၂ ကြိမ်ဖြစ်တယ်။ အားလုံး ပေါင်း ၉ ကြိမ်ဖြစ်တယ်။ တပ်က စက်တင်ဘာအကုန်မှာ သူတို့က နောက်ထပ်သက်တမ်း ၁ လထပ်တိုး တာပေါ့နော်။ အပစ်ရပ်စဲတာ သူတို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ နောက်ရက်မှာ စပြီးတော့ သူတို့ ထိုးစစ်စ ဆင်တာပဲ။ အဲမှာထိတွေ့ မှုက ၂ ရက် ကနေ စဖြစ်တာပေါ့” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။  

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

သို့သော် အောက်တိုဘာလ ၄ ရက်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းမှ သတ်မှတ်နယ်မြေကျော်ကာ လှုပ်ရှားလာသော RCSS/SSA အဖွဲ့တို့ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာ အရှေ့ဖက် မီတာ ၃၀၀၀ ခန့်အကွာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ RCSS/SSA မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တစ်ချို့သည် ခန့်ခဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံရွာသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု အောက်တိုဘာလ ၆ ရက် ယနေ့တွင် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ချက်ထဲတွင် စွပ်စွဲထားသည်။

တပ်မတော်က ပြောနေသကဲ့သို့ RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားလာ ခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် NCA စာချုပ်ကို ဆန့်ကျင်နေသည့်အပြင် တပ်မတော်နှင့် RCSS တို့အကြား တရားဝင် နယ်မြေ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောသည်။

တပ်နေရာ ချထားရေးနှင့် နယ်မြေသတ်မှတ်ထားရှိခြင်းကို NCA အခန်း ၃ အရ လုံခြုံရေး ကဏ္ဍတွင် ဆွေး နွေးသွားရမည်ဖြစ်ပြီး ထိုသို့ဆွေးနွေးမည်နောက်ပိုင်းမှသာ တပ်နေရာချထားရေးနှင့် နယ်မြေ သတ်မှတ်ရေး ကို လုပ်ဆောင်သွားနိုင်မည်ဟု RCSS/SSA က ဆိုသည်။

လက်ရှိတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား  စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မတော်၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆိုပါဒေသအတွင် တပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် အခြား လက် နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...