တပ်မတော်ကဖမ်းဆီးသွားသည့် စစ်တွေမြို့နယ်မှဒေသခံနှစ်ဦးအတွက် မိသားစုဝင်များ စိုးရိမ်နေ

တပ်မတော်ကဖမ်းဆီးသွားသည့် စစ်တွေမြို့နယ်မှဒေသခံနှစ်ဦးအတွက် မိသားစုဝင်များ စိုးရိမ်နေ

အောင်ထိန် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှဒေသခံနှစ်ဦးအား အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

စစ်တွေမြို့နယ်ရှိ ခမရ ၃၅၃ တပ်ရင်းမှ တပ်မတော်သားအင်အား ၅၀ ခန့်သည် အဆိုပါကျေးရွာသို့ ဝင်ရောက်ကာ ဦးကျော်မောင်(၄၄)နှစ်နှင့် ဦးဝင်းဌေး(၄၄)နှစ်တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့်ဦးကျော်မောင်၏ ဦးလေးဖြစ်သူ ဦးရဲသိန်းအောင်ကပြောသည်။

“မိသားစုဝင်တွေအားလုံးက  စိတ်ပူနေကြတယ်။ သူတို့ကို ဘယ်မှာရှိတယ်ဆိုတာလည်းမသိ။ ဘာတွေဖြစ်နေ မှန်းလည်းမသိ။ ဘယ်လိုပုံစံမျိုး ရှိနေမှန်းလည်းမသိဘူး။ အဲဒါကြောင့် စိုးရိမ်နေကြတယ်” ဟု ၎င်းကပြောသည်။

တပ်မတော်မှဖမ်းဆီးခေါ်ဆောင်သွားသည့် သိန်းတန်ကျေးရွာမှဒေသံနှစ်ဦးမှာ ရိုးသားစွာလုပ်ကိုင်စားသောက် နေသူများဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း မိသားစုဝင်များကဆိုသည်။

ရက္ခိုင့်ရှေ့နေများကောင်စီအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “အခုလို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ မတရားဖမ်းဆီးထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့် အရေး အလွန်တရာဆုံးရှုံးနေတယ်။ အလွယ်တကူ ဖမ်းဆီးစစ်ဆေး၊ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘဲ ဖမ်းဆီး ထားတာကို ကျွန်တော်တို့အဖွဲ့အနေနဲ့ ရှုတ်ချတယ်” ဟု ဆိုသည်။

တပ်မတော်သားများကဖမ်းဆီးသွားသည်ဆိုသည့် မိသားစုဝင်များ၏ပြောဆိုချက်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ  ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့်လာနေပြီး သံသယဖြင့်ဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှုများ တဖြည်းဖြည်းများလာနေသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း ရခိုင်ပြည်နယ်တွင် သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၄၀ ဦးအထိရှိခဲ့သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...