ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း COVID-19 ကူးစက်မှုများ ထပ်တိုးလာသည့်အတွက် ကျောက်စိမ်းတူး ဖော်ရေး လုပ်ငန်းများကို အောက်တိုဘာလမှ နိုဝင်ဘာလကုန်အထိ ၂ လ ကြာ ထပ်မံရပ်ထားရန် ဒေသခံ အာဏာပိုင်များက နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားသည်ဟု သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခုကဲ့သို့ စာတင်ထားရခြင်းဖြစ်သည်ဟု ဖားကန့်မြို့က ဦးလဆိုင်း က ပြောသည်။
“မိုးတွင်းကာလ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လက ပုံမှန်ပေါ့ ကျောက်တူးဖော်ခွင့်ကို ပိတ်တယ်။ အခု အောက်တိုဘာဆို ပုံမှန်အားဖြင့် ပြန်ဖွင့်ပြီ။ ဒါပေမယ့် အခုက ကိုရိုနာရောဂါက ဖားကန့်မှာ အများကြီးကူး နေ တော့ ရောဂါကို ကာကွယ်တဲ့အနေနဲ့ ထပ်ပြီး နှစ်လပိတ်ဖို့ စီစဉ်တာဖြစ်တယ်။ ကျနော်တို့ ကျောက်မျက်အသင်း နဲ့ ညှိပြီးစာတင်ထားတယ် ပြောတယ်။ ဒီက ကျနော်တို့ ကျောက်လောပန်းတွေကတော့ တစ်ယောက် စကား တစ်ယောက်နဲ့တော့ အားလုံးသိနေကြပြီ။ ကျောက်တူးခွင့်မပေးသေးဘူးဆိုတာပေါ့။ စက်တင်ဘာလ ၂၄ ရက် နေ့လောက်ကထင်တယ် သမ္မတကို သမ္မတရုံးကို စာတင်ထားတယ်ပေါ့။ လောလောဆယ်ဆယ် တူးခွင့် လုပ်ပိုင် ခွင့်၊ အရောင်းအဝယ် အားလုံးနား တယ်ဆိုပြီး ပြောတယ်။”
ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေသခံအာဏာပိုင်များ နှင့် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းတို့က ညှိနှိုင်းပြီး စာပေးပို့ထားခြင်း ဖြစ်သည်။
အစိုးရထံ စာပို့ထားကြောင်း ညွန်ကြားချက်မရောက်လာသေးသည့်အတွက် တရားဝင်စာမထုတ်နိုင်သေးသော် လည်း ယနေ့အချိန်ထိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ရပ်နားထားသည်ဟု ဦးလဆိုင်း က ဆက် ပြော သည်။
ကချင်ပြည်နယ် ပြည်သူ့ ကျန်း မာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖားကန့်မြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ ၃၅ ဦးရှိပြီဖြစ်ပြီး ၉ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည်ဟု သိရသည်။
ရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်သည့် ဖားကန့်ဒေသတွင် ကပ်ရောဂါကာလကြာမြင့်လာမည်ဆိုပါက ပိုမိုခက်ခဲလာနိုင်သည်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနောင်လတ် က ပြောသည်။
“ဖားကန့်မှာ လူပေါင်းစုံများတဲ့အခါကြတော့ ဆင်းရဲချမ်းသာ တော်တော်လေးကွာဟတယ်။ အဲ့တော့ တချို့ လုပ် လက်လုပ်စားသမားတွေက တော်တော်လေး အခက်အခဲဖြစ်တယ်။ နိုင်ငံတော်က ဝေပေးတဲ့ ၂၀၀၀၀ ဆိုတာက လည်း မရတဲ့လူက ခပ်များများ။ ကျနော်တို့ ဒီ management စီမံခန့်ခွဲရေး တော်တော်များများ လိုအပ်တယ်။ ကျောက်တူးခွင့်ကို ရပ်နားပြီဆိုရင်တော့ အဓိကတော့ ဖားကန့်ဒေသက စားဝတ်နေရေးပေါ့။ ကျနော်တို့ ဒီမှာက သယံဇာတထွက်တယ်ဆိုတော့ ကျောက်စိမ်းကိုပဲ မှီခိုနေရတာလေ။ ဆိုတော့ နားတယ်ဆိုရင် ကုမ္ပဏီက နား တယ်ဆိုတာမျိုးက တစ်မျိုးပေါ့။ အစိုးရထောက်ပံ့တဲ့အစီအစဉ်က ရောက်တဲ့လူဆီပဲ ရောက်တယ်။ တချို့ ခက်ခဲ တဲ့လူတွေဆီကို မရောက်တာမျိုးတွေလည်းရှိတယ်။ ဘယ်လိုစီမံခန့်ခွဲကြလဲ မသိဘူးပေါ့။”
ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ မှော်စီဇာ၊ ဝှေ့ခါနှင့် အခြားသောနေရာများရှိ ကျောက်စိမ်းလုပ်ကွက်များ အားလုံးကို ယနေ့အချိန်ထိ ရပ်နားထားသည်ဟု သိရသည်။
ပြည်သူများအနေဖြင့် ဒေသအတွင်း COVID-19 ရောဂါ ကူးစက်မှုများ တိုးများနေသည့်အတွက် မိမိတို့၏ နေအိမ်များတွင်သာနေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်ကို အတိ အကျလိုက်နာကြရန် ဖားကန့်မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။
“နောက်ပြီး Stay at Home နဲ့ Lock down ကို သေချာနားမလည် မသိတဲ့လူတွေအများကြီးရှိတယ်။ ဒါကို လည်း သေချာ ပြောပြရှင်းပြဖို့လိုတယ်။ ကာကွယ်တဲ့လုပ်ငန်းတွေကိုလည်း ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာ သေ ချာ လူထုကို ပြောပြရမယ်။ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် သွားရင်လာရင် ဘယ်လိုမျိုးလုပ်ရမယ်၊ ဘယ်လိုသတ် မှတ်တယ်ဆိုတာ သေချာလေး လုပ်ဖို့လိုတယ်။ နည်းနည်းအားနည်းနေတယ်။ တတ်နိုင်သလောက် လုပ်နေ တယ်ဆိုပေမယ့် တခြားဒေသလို အမြင်မရှိကြတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ အန်တုနေကြတာပေါ့လေ” ဟု ဦးနောင်လတ်က ဆက်ပြောသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားပြီး ဖားကန့်မြို့နယ် အတွင်း ဝင်ရောက်လာ သူများ အနေဖြင့် မိမိတို့၏ ပြည်နယ်/တိုင်းဒေသကြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာ များကို ယူလာရမည့်အပြင် ကချင်ပြည်နယ်တွင်းက လာရောက်သူများ အနေဖြင့် Home Quarantine (၁၄) ရက် ၊ ကချင်ပြည်နယ် မဟုတ်သည့် အခြား ပြည်နယ်နှင့် တိုင်းဒေသ ကြီးက လာရောက်သူများသည် ဒေသခံ အာဏာပိုင်များက စီစဉ်ပေးသည့် သက်ဆိုင်ရာ Quarantine Center များတွင့် ကိုယ်စရိတ်ကိုယ်ဖြင့် Facility Quarantine(၁၄)ရက် ဝင်ရန် ဖားကန့်မြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။







