မြစ်ဆုံစီမံကိန်း အပြီး ရပ်တန့်မည့် ပါတီကို မဲပေးမည်

မြစ်ဆုံစီမံကိန်း အပြီး ရပ်တန့်မည့် ပါတီကို မဲပေးမည်

ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးအပိုင် ရပ်တန့်အောင် လုပ်ဆောင်ပေးနိုင်မည့် နိုင်ငံရေးပါတီကိုသာ မဲပေးသွားမည်ဟု မြစ်ဆုံဒေသခံများက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းထားသည့် ၉ နှစ်ပြည့်နေ့တွင် ၉ နှစ်ပြည့်နေ့တွင် ဒေသခံများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

တန်ဖဲကျေးရွာမှ အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ရသူ ဦးနော်ခရိန်တူးခေါင်က “ကျနော် တို့ တက်လာတဲ့ အစိုးရက ကျနော်တို့ ဘယ်လိုမျိုးဖြစ်စေချင်သလဲဆိုတော့ အခုနပြောသလိုပေါ့နော။ ဒီမြစ်ဆုံ စီမံကိန်းကို လုံး၀ ရပ်တန့်ပေးတဲ့ ဆုံးဖြတ်ပေးတဲ့ အစိုးရ ဖြစ်စေချင်တယ်။ ပြီးတော့ ဒီဒေသခံ လူထုတွေ အတွက် အကျိုးစီးပွားတွေအတွက် လုပ်ပေးတဲ့ အစိုးရဖြစ်စေချင်တယ်။

ကျနော်တို့ ဒေသခံတွေရဲ့ အကျိုး စီးပွား မပါတဲ့ စီမံကိန်းဆိုရင်တော့ ဒါလက်မခံသင့်တဲ့ အရာပေါ့နော ဒါကြောင့်မို့ အစိုးရတိုင်းက ဒေသခံတွေ ရဲ့ အကျိုးစီးပွားကို လုပ်ပေးစေချင်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း လုံး၀ ရပ်တန့်ပေးစေချင်တာပေါ့နော။ ရပ်တန့်ပေးမယ်ဆိုတဲ့ ဒီနိုင်ငံရေးပါတီ အစိုးရကို နိုင်ငံရေးပါတီကို ကျ နော်တို့ မဲထည့်မယ်။”ဟုပြောသည်။

လက်ရှိတွင် တန်ဖဲကျေးရွာတွင် ပြန်လည်နေထိုင်သူ မဂျာအောင်ကလည်း “ကျနော်တို့ကတော့ ဒီမြစ်ဆုံ ရေကာတာကို လုံးဝရပ်ဆဲ လုပ်မယ့် အစိုးရပဲ သမ္မတပဲ လိုချင်တယ်။ ပြီးရင် ဒီဖက် တောသူ တောင်သား တွေပေါ့နော လုပ်စားမယ့်ဟာတွေပေါ့ ကျနော်တို့ကို ဦးစားပေးမယ့်ဟာပေါ့ အဲမျိုးအစိုးရပဲ လိုချင်တယ်” ဟုပြောသည်။

မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းခြင်း ၉ နှစ်ပြည့် နေ့တွင် ဒေသခံများအနေဖြင့် ၎င်းတို့၏ ကျေးရွာ ဟောင်း တန်ဖဲကျေးရွာသို့ သွားရောက်ကာ  ချုံနွယ်ပိတ် ပေါင်းများကို ခုတ်ထွင်ရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြပြီး ကျေးရွာ ဟောင်းတွင် ပြန်လည်နေ ထိုင်နိုင်အောင် အစိုးရမှ လုပ်ဆောင်ပေးစေချင်သည်ဟု ဦးနော်ခရိန် တူးခေါင်က ပြောသည်။

“မြစ်ဆုံစီမံကိန်းကို မဖြစ်မြောက်ဖို့ လုပ်ဆောင်ရင်လည်း ကျေးရွာကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အ လမ်းကို လုပ်စေချင်တာပေါ့နော်။ ဒါက သူကချိတ်ဆက်နေတာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ကျနော်တို့ ရွာရဲ့ ဖြစ်တည်မှုက သူကချိတ်ဆက်နေတဲ့အတွက်ကြောင့် မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့် ကွက် စေချင်တယ်။ ဒါကတစ်ပိုင်းပေါ့နော်။ ပြီးတော့ ဒေသက လူတွေက ကိုယ့်ရဲ့ ဌာနေဒေသ ကိုယ့်ရဲ့ ကျေးရွာ ဟောင်းမှာ ပြန်လည်နေထိုင်ရေးဆိုတဲ့ဟာလည်း ဒါက အရေးကြီးတယ်ပေါ့နော ဒီနှစ်ခုကတော့ ချိတ်ဆက် နေပါတယ် ပေါ့နော်။ ဒီ ၂ ခုကို ပံ့ပိုးပေးရင် အင်မတန်မှ ကောင်းပါတယ်လို့ပေါ့နော်။”

၂၀၂၀ ရွေးကောက်ပွဲ အလွန်တက်လာမည့် အစိုးရအနေဖြင့်လည်း ဒေသခံများ၏ မူရင်းမွေးရပ်ဒေသ တန်ဖဲ ကျေး ရွာတွင် ပြန်လည်နေထိုင်နိုင်အောင် လုပ်ဆောင်ပေးမည့် အစိုးရကို လိုချင်သည်ဟု တန်ဖဲကျေးရွာမှ အောင်မြင်သာ ကျေးရွာသို့ ပြောင်ရွေ့နေထိုင်ခဲ့ရသူ ကိုဇော်တူးကလည်း ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ တက်လာမယ့် အစိုးရကို ကျနော်အနေနဲ့ ဒီမြစ်ဆုံဒေသ ကျနော်တို့လည်း ပြောင်းရွေ့နေတာဆိုတော့လေနော အောင်မြင်သာမှာ နေတဲ့နေရာဆိုတော့ ကျနော်တို့အားလုံး ကျနော်တို့ရဲ့ ထာဝရတည်တံ့တဲ့ ဒီမြစ်ဆုံနယ်မြေမှာ ပြန်လည်ပြီးတော့ နေနိုင်ဖို့အတွက်ကို ဆောင်ရွက် စေချင်တာပေါ့။”

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ကုမ္ပဏီနှင့် အစိုးရက ချထားပေးသည့် အောင်မြင်သာ စံပြကျေးရွာတွင် လုပ်ကိုင် စားသောက်ရန် မြေနေရာ မရှိသည့်အတွက် စားဝတ်နေရေးအတွက် ၎င်းတို့မြေယာများ ရှိရာ တန်ဖဲ ကျေးရွာသို့သာ ပြန်လည်လုပ်ကိုင် စားသောက်ရင်း စားဝတ်နေရေး လူမှုရေး ပညာရေး အဖက်ဖက် ကို ဖြေရှင်းနေရသည်ဟု ဒေသခံများက ဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် တန်ဖဲကျေးရွာအပါအဝင် အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွေ့နေ ထိုင်နေရသည့် ကျေးရွာ ၁၀ ရွာခန့်ရှိသည်ဟု သိရသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့မြေယာများရှိရာ ကျေးရွာတွင်  ယခင်ကကဲ့သို့ တားမြစ်မှု တစ်စုံ တစ်ရာ မရှိပဲ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် ရချင်သည်ဟု တန်ဖဲကျေးရွာမှ အောင်မြင်သာ ကျေးရွာသို့ ပြောင်ရွေ့နေထိုင်ခဲ့ရသူ ဒေါ်ကိုင်ဆိုင်းက တောင်းဆိုသည်။

“ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ အခါမှာ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ သွားသွားလာလာ ဒီမှာ လုပ်ကိုင် စားသောက်တဲ့အခါမှာ လုံးဝအဟန့်အတားမရှိ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် ရချင်တယ်။ အဲဒါပြီးမှ တစ်ဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ထာဝရ အပြီးအပိုင် ရပ်တန့်စေချင် တယ်။ အရင်တုန်းကဆို ကျမတို့ ပြောင်းရွေ့ခဲ့တဲ့ အချိန်ကဆို စစ်မိန့်တွေဘာတွေက အမိန့်ကို မလွန်ဆန်ရဲ လို့ ပြောင်းရွေ့ခဲ့တယ်။ ဒီလိုမျိုး ဆက်မဖြစ်ခိုင်းစေချင်ဘူး။”

ထို့အပြင် မြစ်ဆုံသည် ကချင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး၏ အရေးနှင့် သက်ဆိုင်သည့်အတွက် မြစ်ဆုံရေကာတာ စီမံကိန်း မဖြစ်မြောက်အောင် တစ်နိုင်ငံလုံးရှိ ပြည်သူများက ဆက်လက် ဝန်းရံပေးရန် ဒေါ်ကိုင်ဆိုင်းက နိုင်ငံသားတိုင်းအား မေတ္တာရပ်ခံထားသည်။

“ကျမတို့ မြစ်ဆုံရေကာတာ စီမံကိန်း ထာဝရ ရပ်ဆိုင်းပြီလို့ မပြောမချင်းတော့ ကျနော်တို့ မြန်မာနိုင်ငံသား တွေအားလုံး မြစ်ဆုံရေကာ စီမံကိန်းကို ကျနော်တို့ ဒေသခံတွေပဲ ခံစားရမှာ မဟုတ်ဘူး မြစ်ဆုံရေကာတာ စီမံကိန်းသာ ဖြစ်သွားခဲ့ရင် ဒီဟာရဲ့ ဆိုးကျိုးက ကျနော်တို့ ဒေသခံတွေပဲ ခံစားရမှာ မဟုတ်ဘူး အထူးသ ဖြင့် ကျနော်တို့ မြန်မာတစ်နိုင်ငံသားလုံး အားလုံးက ဒါကို ညီညီညွှတ်ညွှတ်နဲ့ ထာဝရ ရပ်ဆိုင်းပြီလို့ အမိန့် မထုတ် ပြန်မချင်းပေါ့နော ကျနော်တို့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကိုပေါ့နော ကာကွယ်ရမယ် မြစ်ဆုံကို အကုန်လုံးက ဝိုင်းဝန်းရမယ် ဝိုင်းရံရမယ်။ စောင့်ရှောက်ရမယ် ထိန်းသိမ်းရမယ့် တာဝန်က အကုန်လုံးမှာ ရှိတယ်လို့ ကျမ ပြောချင်တာပေါ့နော။”

လက်ရှိအစိုးရဖြစ်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလတွင် ၎င်းတို့အစိုးရဖွဲ့နိုင်ပါက ပြည်သူများအား မြစ်ဆုံ စီမံကိန်း စာချုပ်ပါ အချက်အလက်များကို ချပြမည်ဟု ကတိပေးခဲ့သည်။

သို့သော် ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ စာချုပ်ပါ အချက်အလက်များကို ချပြခြင်း မရှိသေးသည့်အပြင် စီမံကိန်းနှင့် ပတ်သက်သည့် သဘောထား ရပ်တည် ချက်များကို ပွင့်ပွင့်လင်းလင်း ချပြခြင်း မရှိသေးဟု သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများစွာ ရှိနေသည့်အပြင် ဒေသခံများ၏ လူမှု ဘဝအဖုံဖုံကို ထိခိုက်နေသည့်အတွက် စီမံကိန်းကို အပြီးအပိုင် ရပ်တန့်ရန် သဘာ၀ ပတ်ဝန်းကျင် အရေး လုပ်ဆောင်သူများ၊ မြစ်ဆုံအရေးစောင့်ကြည့်သူများနှင့် တစ်နိုင်ငံလုံးရှိပြည်သူများက တောင်းဆိုထားကြ သည်။

မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ်တာဝန်ယူစဉ်က တရုတ်ကုမ္ပဏီနှင့် သဘောတူ စာချုပ်ချုပ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်သူများ၏ ကန့် ကွက်မှုကြောင့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ယာယီရပ်ဆိုင်းထားခဲ့ပြီး NLD အစိုးရလက်ထက်တွင် အပြီးအပိုင် ရပ်ဆိုင်းပေးရန် ပြည်သူများက ဆက်လက်တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ အပြီးအပိုင် ရပ်ဆိုင်း ထားခြင်းမရှိသေးပေ။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...