တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း(NSOT)အဖွဲ့ကို တပ်မတော်က အမှုဖွင့်ထား

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း(NSOT)အဖွဲ့ကို တပ်မတော်က အမှုဖွင့်ထား

မျိုးမြင့်ဇော် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (NSOT)အား တပ်မတော်က ယင်းမြို့နယ်ရှိ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် NLD ၏ ရွေးကောက်ပွဲဆိုင်ဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် အရပ်သားလူငယ်လေးဦး မိုင်းခွဲခံရခြင်းတို့မှာ တပ်မတော်လက်ချက်သာဖြစ်ကြောင်း NSOT က စက်တင်ဘာ ၂၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကာစွပ်စွဲထား၍ ယင်းသို့အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်က ရှင်းပြသည်။

“အဲဒီအဖွဲ့ဟာလျှို့ဝှက်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တဲ့အတွက် ခြေရာမခံနိုင်သေးဘူး။ သူတို့ထုတ်ပြန်တာမှာ မိုင်းထောင်စဉ် မိုင်းကွဲသေဆုံးသွားတာလို့ စွပ်စွဲထားတာဟာမဟုတ်ဘူး။ အရပ်သားမဟုတ်ဘဲ AA အဖွဲ့ဝင်တွေ ဖြစ်တာကို အတိအကျစုံစမ်းရရှိထားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်၌ NSOT အဖွဲ့အား အီလက်ထရောနစ်ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို အတိအကျ မသိ၍ မြို့မရဲစခန်းသို့မေးမြန်းခိုင်း၍ DMG  က မေးမြန်းရာ စခန်းမှူး ဒုရဲမှူးလှတင့်က လျှိုဝှက်ဖြစ်ပြီး စုံစမ်းဆဲ ဖြစ်သည့်အတွက် မဖြေဆိုနိုင်သေးကြောင်းပြောသည်။

အဆိုပါမြို့နယ်၌ စက်တင်ဘာ ၁၀ ကျော်မှ ၂၀ ရက်နေ့အတွင်း NLD မဲဆွယ်ဆိုင်းဘုတ် ၄ ခု ဖျက်ဆီးခံခဲ့ ရကြောင်း၊ ယင်းအထဲမှ မအီမြို့မှ NLD ဆိုင်းဘုတ်ကို တပ်မတော်စစ်ဘောင်းဘီဝတ်ဆင်ထားသူ ၂ ဦးတို့က ဖျက်ဆီးခဲ့သည်ကို ပါတီဝင်တစ်ဦးကမြင်တွေ့ခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရ၍ နှုတ်ပိတ်နေရကြောင်း NSOT ၏ ထုတ်ပြန်ချက်မှာ စွပ်စွဲထားသည်။

ထို့အပြင် တောင်ကုတ်မြို့နယ်၊ တရကျေးရွာအနီး တောင်ကုတ်-မအီကားလမ်း၌ ဇွန်လ ၃၀ ရက်နေ့က AA တပ်ဖွဲ့ဝင် ၄ ဦးတို့သည် ဒေသန္တရမိုင်းထောင်နေစဉ်ပေါက်ကွဲ၍ သေဆုံးသွားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်၌ သေဆုံးသွားသည့် ၄ ဦးမှာ ကျောက်ဖြူမြို့နယ်မှ ကျောင်းသားလူငယ် ၂ ဦးနှင့် တောင်ကုတ် မြို့နယ်၊ ကမာကျေးရွာက လူငယ် ၂ ဦးတို့ဖြစ်ကြကြောင်း၊ ၎င်းတို့ ၄ ဦးအား တောင်ကုတ်အခြေစိုက် ခမရ (၅၄၄)တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးက  စစ်ရေးလှုပ်ရှားလိုမှုအခြေအနေအရ ဖမ်းဆီးခေါ်ဆောင်ကာ မိုင်းဖေါက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်း (NSOT)၏ ထုတ်ပြန်ချက်မှာ စွပ်စွဲထားသည်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (NSOT) အဖွဲ့သည် တောင်ကုတ်မြို့နယ်ရှိ ကျေးရွာ ၂၁ ရွာမှ အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြင့် ဧပြီ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း National Security Organization Taungup Page မှ ထုတ်ပြန်ထားသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...