ကျောက်တော်ဒေသခံတစ်ဦးအား တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များပြော

ကျောက်တော်ဒေသခံတစ်ဦးအား တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များပြော

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာသားတစ်ဦးအား စက်တင်ဘာ ၂၇ ရက် က တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းသို့ဝင်ရောက်ကာ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်စစ်ကြောင်းမှ အဆိုပါကျေးရွာသို့ဝင်ရောက်လာကာ ကိုမောင်ပိန်အောင် အသက်(၃၆)နှစ်နှင့် ကိုစိန်ထွန်းဝင်း အသက်(၃၅)နှစ်တို့အား နေအိမ်မှခေါ်ထုတ်ကာ ဘုန်းကြီးကျောင်း၌ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ထို့နောက် စစ်ကြောင်းပြန်ခါနီးတွင် ၎င်းတို့ထဲမှတစ်ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကိုမောင်ပိန်အောင် ဆိုသူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်ဂူစုကျေးရွာမှ ကျောင်းထိုင်ဆရာတော်အရှင်ဘုရားက DMG သို့ မိန့်သည်။

“သူတို့နှစ်ယောက်ကို ဘုန်းကြီးကျောင်းမှာဖမ်းထားပြီးတော့ ရွာကရပ်မိ၊ရပ်ဖတွေကိုခေါ်ပြီးမေးမြန်းတယ်။ ပြီးတော့ သူတို့(တပ်မတော်)ပြန်ခါနီး တစ်ယောက်ကိုတော့လွှတ်ပေးခဲ့တယ်။ နောက်တစ်ယောက်ကိုတော့ ဖမ်းပြီးခေါ်သွားတယ်။ အခု သူ့ကို ကျောက်တော်မြို့ပေါ်တပ်ရင်းတစ်ခုမှာဖမ်းထားတယ်လို့တော့ သတင်းကြား တယ်” ဟု ဆရာတော်က မိန့်သည်။

ကိုမောင်ပိန်အောင်ဖမ်းဆီးခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် တပ်မတော်သားများမှ ၎င်းတို့နေအိမ်အား ထပ်မံလာရောက်စစ်ဆေးခဲ့ပြီး စပါးကျီထဲမှမိုင်းတစ်လုံးတွေ့ရှိသည်ဟုဆိုကာ ဇနီးဖြစ်သူကိုပါ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကျမယောက်ျားကိုဖမ်းခေါ်သွားတုန်းက ကျမကဈေးမှာ၊ သူ့ကိုခေါ်သွားတာကိုတော့ လမ်းကမြင်လိုက်တယ်။ ကျမအိမ်ကိုရောက်တာနဲ့ တပ်မတော်သားတွေက အိမ်ကိုထပ်လာပြီးတော့ စပါးကျီကိုစစ်မယ်ဆိုပြီးပြောတယ်။ ပထမတော့ကျမကိုတက်ခိုင်းတယ်။ ကျမက တက်လို့မရဘူးပြောတော့ သူတို့ထဲက တစ်ယောက်က တက်သွားတယ်။ ပြီးတော့မိုင်းတွေ့တယ်ဆိုပြီးလာပြတယ်။ မိုင်းကိုအတင်းကိုင်ခိုင်းပြီးတော့ ကျမကို  ဓာတ်ပုံ ရိုက်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကိုဖမ်းခေါ်သွားတယ်။ ပြန်ခါနီးမှလွှတ်ပေးခဲ့တာ’’ ဟု ကိုမောင်ပိန်အောင်၏ ဇနီးဖြစ်သူ မမေထွီးချေကပြောသည်။

တပ်မတော်သားများဖမ်းခေါ်သွားသည့် ကိုမောင်ပိန်အောင်ဆိုသူမှာ ကျေးရွာ၌ရိုးသားစွာ လယ်ယာလုပ်ကိုင် စားသောက်နေသူဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်စုံတစ်ရာပတ်သက်မှုမရှိကြောင်းနှင့် လုပ်ကြံခံရ ခြင်းသာဖြစ်ကြောင်း ဇနီးဖြစ်သူကဆက်ပြောသည်။

“ကျမယောကျာ်းက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိဘူး။ ဖုန်းအဆက်အသွယ်လည်းမရှိဘူး။ ဒါကိုတော့ ကျမရဲရဲကြီးအာမခံတယ်။ သူကကိုယ့်ဘာသာအေးဆေးနေတာ။ အိမ်က မိုင်းတွေ့သွားတာတောင် ကျမ ယောကျာ်းမသိဘူး။ မိုင်းကိုလည်းတပ်မတော်သားတွေက သူ့တို့ရှာပြီးသူတို့တွေ့သွားတာ’’ဟု ၎င်းကဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ကျေးရွာများသို့ အကြောင်းမဲ့သက်သက်ဝင်ရောက်ဖမ်းဆီးခြင်းများမရှိကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်း အထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ကလည်း တပ်မတော် စစ်ကြောင်းတစ်ခုဝင်ရောက်လာကာ နေအိမ်များအားစစ်ဆေးနေစဉ် ရွာအပြင်ဘက်ရှိ စိုက်ခင်းမှပြန်လာသူ တစ်ဦးအား ရွာထဲမှသေနတ်ဖြင့်လှမ်းပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ရွာသားများကပြောဆိုကြသည်။

ယခုဖမ်းဆီးခံရသူ ကိုမောင်ပိန်အောင်မှာ ယခင်ပစ်ခတ်ခံရ၍သေဆုံးသွားခဲ့သည့် ဦးစိန်သာအောင် ၄၀ နှစ်၏ ညီအရင်းဖြစ်ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီး တိုက်ပွဲကာလအတွင်း သံသယဖြင့် အရပ်သားများဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှုများ တဖြည်းဖြည်း များလာနေသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ၂၀၂၀ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလလက်ရှိအချိန်ထိ ရခိုင်တွင် သံသယဖြင့်ဖမ်းဆီးခံရသည့် အရပ်သားစုစုပေါင်း(၄၀)ဦးအထိရှိသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...