ရသေ့တောင်မြို့နယ်တွင် မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်

ရသေ့တောင်မြို့နယ်တွင် မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ စက်တင်ဘာလ ၂၅ ရက်က လက်နက်ငယ်ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ညနေပိုင်း(၄)နာရီအချိန်က မေယုမြစ်အတွင်းသွားလာနေသည့် တပ်မတော်ရေယာဉ်မှ ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ငယ်ကျည်များကျရောက်ကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု အနောက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက DMG သို့ ပြောသည်။

“ရွာထဲကို ကျည်ဆံတွေလာကျတုန်းက ကျနော်တို့က ကိုယ့်အိမ်မှာကိုယ် အေးဆေးထိုင်နေကြတာ။ ဘာဖြစ် မှန်းလည်းမသိဘူး။ ကျည်က ရွာထဲကို အချက် ၂၀ ကျော်လောက်ကျတယ်။ အခုဒဏ်ရာရသွားတဲ့ မိန်းကလေး ကလည်း သူ့အိမ်အပေါ်ထပ်မှာထိုင်နေတာ။ အဲဒီအချိန်မှာပဲ လက်နက်ငယ်ကျည်ဆံက သူ့ကိုလာထိသွားတာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရွာအတွင်းကျည်ဆံများကျရောက်လာသဖြင့် မဘီဘီနီ(၁၀)နှစ်၏ ဘယ်ဘက်လက်၌ ကျည်ရှပ်ထိဒဏ်ရာရရှိ သွားခဲ့ပြီး ဒဏ်ရာမပြင်းထန်သဖြင့် ကျေးရွာ၌သာ ဆေးကုသမှုခံယူနေကြောင်း ဖခင်ဖြစ်သူ ဦးကိုဘီကဆိုသည်။

“ကျည်ဆံကတော့ သူ့လက်ကိုရှပ်ထိသွားတာ။ ဒဏ်ရာကတော့ သိပ်မများဘူး။ ဒါပေမယ့် ထိုင်နေရင်းနဲ့ ရုတ်တရက်လာထိတာဆိုတော့ သူကကြောက်ပြီးသတိမေ့သွားတယ်။ အခုလက်ရှိတော့ သူ့ကို ရွာကဆေးသမား တွေနဲ့ကုသပေးထားတယ်။ စိုးရိမ်စရာတော့မရှိတော့ပါဘူး” ဟု ၎င်းကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အဲဒီအနောက်ပြင်ရွာအနီးတစ်ဝိုက်မှာ မနေ့က တိုက်ပွဲဖြစ်တာတော့မရှိဘူး။ အခုဒဏ်ရာ ရသွားတဲ့မိန်းကလေးကလည်း တပ်မတော်ရေယာဉ်က ပစ်ခတ်တဲ့အတွက် ဒဏ်ရာရသွားတာလို့သိရတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

ယင်းသို့ တပ်မတော်ရေယာဉ်က ပစ်ခတ်သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရသေ့တောင်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်နေ့ကလည်း တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှု များနှင့် ကျေးရွာအနီးတပ်မတော်သားများရောက်ရှိလာသဖြင့် ကူတောင်၊ ရွှေလောင်းတင်၊ ဦးဂါ၊ မင်းကွန်းချောင်းနှင့် ကံပြင်ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ကိုဗစ်ကပ်ရောဂါကာလတွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသဖြင့် ရသေ့တောင် အပါအဝင် ကျောက်တော်၊ ဘူးသီးတောင်နှင့် မြေပုံမြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည်များ တိုးလာနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...