မွန်ညီညွတ်ရေးပါတီ လူစုလူဝေး မဲဆွယ်မှု ရပ်ဆိုင်း

မွန်ညီညွတ်ရေးပါတီ လူစုလူဝေး မဲဆွယ်မှု ရပ်ဆိုင်း

COVID-19 ရောဂါ ကူးစက်မှုများလာသည့် အခြေအနေကြောင့် မွန်ညီညွတ်ရေးပါတီအနေဖြင့် လူစုလူဝေးနှင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို ခေတ္တဆိုင်းငံ့လိုက်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

လူစုလူဝေးများနှင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို မလုပ်ဆောင်ကြရန် ပါတီဗဟိုမှ သက်ဆိုင်ရာ ပါတီအဆင့် ဆင့် ထိုမှတဆင့် ကိုယ်စားလှယ်လောင်းတို့ကို ညွှန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီ ၂၀၂၀ ရွေး ကောက်ပွဲအောင်နိုင်ရေး (ဗဟို) တွဲဖက်အတွင်းရေးမှူး မင်းအောင်မွန်က ပြောသည်။

“ကိုဗစ်က ကူးစက်မှုနှုန်းကလည်းများလာတဲ့အတွက်ကြောင့် ကျနော်တို့က ပြည်သူလူထုအတွက် ပြန်ကြည့် ရတဲ့အနေအထား ရှိတယ်၊ အဓိက ကျနော်တို့က လူစုလူဝေးနဲ့ လှည့်လည်မဲဆွယ် သွားလာနေတာကို မလုပ် ကြဖို့ ကန့်သတ်လိုက်တာပါ” ဟု မင်းအောင်မွန်က ပြောသည်။

လူစုလူဝေးနှင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု ပြောသည်။

 

ပါတီဆိုင်းဘုတ်ထောင်ခြင်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ထောင်ခြင်းတို့ကိုလည်း လူအင်အားအနည်းဆုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ နှင့်အညီ လုပ်ဆောင်ကြရန်လည်း ပါတီဗဟိုက ညွှန်ကြားထားသည်။

လက်ရှိအနေအထားအရ မဲဆွယ်စည်းရုံး လုပ်ဆောင်ရန် မဖြစ်နိုင်သည့်အနေအထားကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို မီဒီယာ၊ ဆိုရှယ်မီဒီယာတို့မှတဆင့် လုပ်ဆောင်သွားရန်လည်း ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို) က စီစဉ်နေသည်။

“ပြောရရင်တော့ မဲဆွယ်စည်းရုံးလို့မရတဲ့အနေအထားမှာဖြစ်နေတဲ့အတွက် ကျနော်တို့ အောင်နိုင်ရေး ဗဟို က တော့ ကျနော်တို့ သုံးလို့ရတဲ့ မီဒီယာအင်အားပေါ့နော် ဆိုရှယ်မီဒီယာကနေတဆင့် ပြည်သူလူထုကို အသိပေး စရာတွေ လုပ်ပေးစရာတွေ ပြောကြားစရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေ အဓိက ဆိုရှယ်မီဒီယာကနေတဆင့် သွားရတော့မယ်” ဟု မွန်ညီညွတ်ရေးပါတီ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို)  ပြန်ကြားရေးတာဝန်ခံ မင်းဗညားစန်း က  ပြောသည်။

ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် ကူးစက်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးကြရန်အပြင် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ လုပ်ဆောင်ကြရန် လည်း ပါတီဗဟိုက အဆင့်ဆင့် ညွှန်ကြားထားသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအချို့ နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ပါတီ က ကိုယ်စားလှယ်လောင်း အချို့ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ပြည်နယ်တွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ရပ်နားထားကြသည်ဟု ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ ပါတီကလည်း လူထုနှင့် ထိတွေ့ရသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ခေတ္တရပ်နား ထားပြီး အွန်လိုင်းမှတဆင့်သာ မဲဆွယ်ကန်ပိန်းလုပ်ဆောင်နေသည်ဟု ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်းက ပြီးခဲ့သည့်အပတ်က သတင်းနှင့်မီဒီယာကွန်ရက် အား ပြောဆိုထားသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အပြင် ကရင်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ရွေးကောက်ပွဲဝင်ပြိုင်သွားရန်ရှိသည်။

မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၅ ဦးအပါအဝင် တိုင်းနှင့် ပြည်နယ် ၅ ခုတို့တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ၆၅ ဦး ဝင်ပြိုင်သွားမည်ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...