အောင်ထိန် — ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်း ရပ်တန့်ပေးရန်တောင်ဆိုးခဲ့ကြသော ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှခေါင်းဆောင်ပိုင်း ၃ ဦးအား ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၂၂ ရက်က တရားစွဲတင်လိုက်သည်။
၎င်းတို့သည် စက်တင်ဘာ ၉ ရက်က ရခိုင်ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့၌ ရခိုင်ပြည်အတွင်း 4G အင်တာနက်လိုင်း ဖွင့်ပေးရေး၊ စစ်ရာဇဝတ်မှုများကျူးလွန်ခြင်းကို ရပ်တန့်ပေးရေး စသည်ဖြင့်တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့စဉ် ဖမ်းဆီးခံရပြီး သဘာဝဘေးအန္တရာယ်ဆိုရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် စက်တင်ဘာ ၂၄ ရက်နေ့ထိ ချုပ်ရမန် ယူခြင်းခံခဲ့ရသည်။
စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေး၊ စစ်တွေကွန်ပျူတာတက္ကသိုလ်မှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်တို့ ဆန္ဒ ဖော်ထုတ်ခြင်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် ငြိမ့်စွမ်းမှုမရှိ၍ ငြိမ်းစုစီဥပဒေဖြင့် ပြောင်းလဲကာ တရားစွဲတင်ခဲ့သည်။
“ရဲတပ်ဖွဲ့က ဥပဒေရုံးကိုအကြံတောင်းတဲ့အခါ ဘေး၊စီ၊မံနဲ့ တရားစွဲဖို့အတွက် ငြိမ့်စွမ်းမှုမရှိ၊ မခိုင်လုံတဲ့အတွက် ငြိမ်းစုစီနဲ့တရားစွဲဖို့ အကြံပေးလိုက်တာဖြစ်တယ်” ဟု အဆိုပါအမှုအားကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ရှင်းပြသည်။
ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ သည် အာမခံရရှိသည့်ပုဒ်မဖြစ်သဖြင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဖမ်းဆီးခံထား ရသည့်ကျောင်းသားသုံးဦးမှာ အာမခံဖြင့် လွတ်မြောက်လာပြီး ပြင်ပမှတရားရင်ဆိုင်ရမည်ဖြစ်သည်။
အလားတူ ရန်ကုန်၊ မန္တလေး၊ မိတ္ထိလာ စသည့်နေရာတို့တွင်လည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂမှဦးဆောင်ပြီး ရခိုင်ပြည်၌ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမှုဖွင့် ခံထားရသည်။
လက်ရှိအချိန်၌ ကျောင်းသား ၂၀ ဦးအား နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မအပါအဝင် ပုဒ်မအသီးသီးဖြင့် အစိုးရက အမှုဖွင့်ထားသည်။
“အခုလိုမျိုးကျွန်တော်တို့ကိုဝန်းရံပေးတဲ့အတွက် မဟာမိတ်ကျောင်းသားတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့ ကျနော်တို့အတူတူလက်တွဲပြီး သွားဖို့အတွက်လည်း တိုက်တွန်းပါတယ်” ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။
လက်ရှိငြိမ်းစုစီပုဒ်ဖြင့် တရားစွဲခံထားရသည့် ရခိုင်မှကျောင်းသားသုံးဦးအမှုကို လာမည့် အောက်တိုဘာလ ၆ ရက်နေ့သို့ ရုံးချိန်းလိုက်သည်။







