စစ်ရေယာဉ်ပေါ်မှ စစ်သားများ ကမ်းပေါ်တက်လာသဖြင့် မူစဲကျွန်းကူတောင်ရွာမှ ဒေသခံနှစ်ထောင်ခန့် ရွာကိုစွန့်ခွာထွက်ပြေး

စစ်ရေယာဉ်ပေါ်မှ စစ်သားများ ကမ်းပေါ်တက်လာသဖြင့် မူစဲကျွန်းကူတောင်ရွာမှ ဒေသခံနှစ်ထောင်ခန့် ရွာကိုစွန့်ခွာထွက်ပြေး

ဆောင်းဇာခြည် — ဇက်စစ်ရေယာဉ်နှစ်စီးပေါ်မှ တပ်မတော်သားများသည် ငလပြားဆိပ်ကမ်းပေါ်သို့ တက်လာသဖြင့် ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ရွာသားနှစ်ထောင်ခန့်မှာ ရွာကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးသိန်းအောင်က “ ငလပြားကို စစ်ကြောင်းတက်လာတာနဲ့ သူလွတ် ကိုယ်လွတ် အကုန် ထွက်ပြေးကြတယ်။ ကြောက်ကြတာကို။  အခု သူတို့ (စစ်ကြောင်း) က အဲဒီ ငလပြားဆိပ်ကမ်းမှာ ရှိနေတယ်။ ဘယ်ကို  ဦးတည်မလဲ ဆိုတာတော့ မသိဘူး။ စစ်သားတွေ လာရင် ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတော့တာပဲ။ ထွက်ပြေးတဲ့အထဲမှာ သက်ကြီးတွေ၊ ကလေးတွေ အကုန်ပါတယ်။ အရင်တုန်းကလည်း အဲလို စစ်ကြောင်းတက်လာရင် ထွက်ပြေးကြရတယ် ” ဟု နိရဉ္စရာသို့ ပြောသည်။

စက်တင်ဘာ ၂၃ ရက်မွန်းလဲ ၂ နာရီခွဲအချိန်ခန့်က မေယုမြစ်လက်တက် ငလပြားချောင်းအတိုင်း ဇက်ရေယာဉ် ၂ စီး ခုတ်မောင်းလာပြီး ရေယာဉ်ပေါ်တွင်ပါလာသည့် စစ်ကြောင်းမှာ ကူတောင်ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ ငလပြားဆိပ်ကမ်းတွင် ရောက်ရှိနေရာယူထားကြောင်း ၎င်းက ပြောသည်။

စစ်ကြောင်း ကျေးရွာအနီး ရောက်လာသဖြင့် ကျေးရွာသားတချို့မှာ အထုပ်အပိုးများကို ထမ်းပိုး၍ ခြေလျင်ထွက်ပြေးကြသကဲ့သို့ တချို့မှာ စက်လှေများ၊ ကားများဖြင့် ရွာ၏ တောင်ဘက် စစ်တွေဘက်သို့ ဦးတည်ထွက်ပြေးကြသည်ဟု ယနေ့ ညနေ ၄ နာရီခွဲခန့်က ၎င်းက ပြောသည်။

ရွာသား တစ်ဦးဖြစ်သူ ဦးခင်မောင်က “ အဲဒီစစ်သားတွေက အဲဒီကမ်းစပ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တဲ့ အသံတွေကို နည်းနည်းပါးပါးကြားရတယ်။ အချက် ၁ဝ ကျော်လောက် ရှိမယ်။ ရွာတွေ ကိုတော့ မထိဘူး။ ဒါပေမယ့် သေနတ်သံကြားတော့ အကုန်လုံးကြောက်နေကြရပြီ။ စစ်သားတွေ ရွာကိုလာရင် ကျွန်တော်တို့က သူတို့ ဒုက္ခပေးမှာကို ကြောက်တယ်။ တခြားရွာတွေက သတင်း တွေကို ကြားနေရတော့ ကျွန်တော်တို့ရွာသားတွေ ကလည်း အဲသလို ကြောက်ပြီး ထွက်ပြေးကြတာ။ ကိုဗစ် ရောဂါကိုထက် ဒုက္ခတွေရောက်၊ ကျည်ဆံထိပြီး သေမှာကို အဓိက ပိုကြောက်နေရတယ်။ ရောဂါကို ဂရုစိုက်နေဖို့အချိန်မရှိဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

ကူတောင်ကျေးရွာသည် အိမ်ခြေ ၁ဝဝဝ ခန့်နှင့် လူဦးရေ ၅ဝဝဝ ခန့်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်သည်။  ထွက်ပြေးလျှက်ရှိသည့် ကျေးရွာသား ၂ဝဝဝ ခန့်တွင် တချို့မှာ စစ်တွေမြို့နယ်ထိ ရောက်သွားပြီး တချို့မှာ  ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ၊ ဇီးကိုင်း စသည့် ကျေးရွာများသို့ ထွက်ပြေး ရောက်ရှိနေကြသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

 “ရွာသားတွေ အကုန်ထွက်ပြေးနေကြတယ်။ အခု စစ်တွေထိ ရောက်သွားသူတွေရှိတယ်။ တချို့လည်း မူစဲကျွန်းတောင်ဘက်ပိုင်းထိ ထွက်ပြေးကြတယ်။ အဲဒီအနီးတဝိုက်မှာ တပ်မတော်သားတွေက ပစ်ခတ်မှု နည်းနည်း ရှိခဲ့တယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ၎င်းမူစဲကျွန်းပေါ်ရှိ ရွှေလောင်းတင်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျ၍ ဆန်စက်ပိုင်ရှင် တစ်ဦးပွဲချင်းပြီး သေဆုံး သွားခဲ့ပြီး သက်ကြီးနှစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အနီးအနားရှိ ရွှေလောင်းတင်၊ မြင်းကန်းချောင်းနှင့် ကံပြင်ကျေးရွာမှ လူပေါင်း ၁ဝဝဝ ကျော် ထွက်ပြေးနေကြရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...