COVID- 19 ကာလကြာလာသည်နှင့်အမျှ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေးအတွက် ပိုမို ခက်ခဲလာသည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။
COVID- 19 ကာလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုများ မရရှိသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာသည့်အတွက် ဝင်ငွေမရှိသောကြောင့် ခက်ခဲလာခြင်းဖြစ်သည်ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံလည်းဖြစ် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင်လည်းဖြစ်သည့် စိုင်းလင်းက ပြောသည်။
“ဦးတို့က ထိုင်းထဲမှာ ကုန်းကျော်ကျတော့ ထိုင်းထဲမှာ တစ်ခြားဟာကျတော့ နယ်စပ်ပဲ ဒါပေမယ့် သူက ရှမ်းပြည်တွင်းမှာ ဗမာပြည်တွင်းမှာပေါ့ အဲတော့ အဲဒီဟာတွေက သူတို့အခြေအနေက ဦးတို့ထက်ပို ဆိုး တယ်။ ခက်တာပေါ့ ပိုကြပ်တည်းတာပေါ့။” ဟု စိုင်းလင်းက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ထိုင်းဖက်ခြမ်းရှိ ကုန်းကျော် Refugee ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များမှာ အလုပ်အ ကိုင် အခွင့်အလမ်း အနည်းငယ်ရှိသော်လည်း မြန်မာဖက်ခြမ်းရှိ IDPs စစ်ရှောင်စခန်း ၅ ခုမှာ ဒေသတွင်း အလုပ်အကိုင် မရှိခြင်းနှင့် ကပ်ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံဖက်သို့ နယ်စပ်ဖြတ်ကျော်ကာ သွားရောက် အလုပ်လုပ်ကိုင်ခွင့် မရှိသည့်အတွက် အသက်ရှင် ရပ်တည်ရေးမှာ ပို၍ ခက်ခဲသည့် အခြေအနေတွင် ရှိနေ သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ဆိုသည်။
“ကိုဗစ်ကာလမှာ လုပ်ငန်းကိုင်ငန်းက ရပ်ကုန်တာတို့ ဖြစ်တာဆိုတော့ ဒီဟာအလုပ်လုပ်ဖို့အတွက် ပိုပြီးတော့ ခက်သွားတာပေါ့နော်။ အလုပ်လုပ်ဖို့ အခွင့်အလမ်း နည်း သွားတာပေါ့နော်။ ငွေရှာဖို့က နည်းသွားတာပေါ့။” ဟု သူက ဆက်ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် တသီးပုဂ္ဂလအလှူရှင်များက ကြာကြာတစ်ခါ ဆန်လာရောက်ထောက် ပံ့မှုများရှိသော်လည်း လုံလောက်မှုမရှိသည့်အပြင် အခြားလိုအပ်မှုများစွာ ရှိနေသည်ဟု စိုင်းလင်းက ပြော သည်။
“တခါတလေ IDP Camp မှာတော့ နည်းနည်းပါးပါးတော့ အကူအညီ ရတာပေါ့နော်။ အဲဒါ အခြေခံ ရိက္ခာ လေး အဓိက ဆန်တို့ဘာတို့ရတော့ ကြားထဲမှာနည်းနည်းပါးပါးလေးရတော့ နည်းနည်းတော့တော်တာပေါ့ ဒါပေမယ့် ဆန်တစ်ခုတည်းနဲ့ ပြီးတာ မဟုတ်ဘူး။ ဆိုတော့ တစ်ခြားအတွက်လည်း income ရှိဖို့လိုတာပေါ့ income ရှိဖို့လိုတယ် ခုနကပြောသလိုမျိုး ရောဂါ မကြောက်ရပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့ ကိုဗစ်ကြောင့် ထိ ခိုက်မှုရှိတာပေါ့ ဝင်ငွေ မရှာနိုင်ဘူး ဝင်ငွေရှာဖို့အတွက် အခွင့်အရေး နဂိုထက် ပိုပြီးတော့ နည်းသွားတယ် အဲ လိုမျိုးဖြစ် တာပေါ့။”
ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ်စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် စခန်းမှာကုန်းကျော်စခန်းများ ဖြစ်ကြသည်။
ထိုစခန်း ၆ ခုရှိ လူဦးရေ ခြောက်ထောင်နှစ်ရာခန့်မှာ COVID-19 ကာလကြာလာသည်နှင့်အမျှနေထိုင်စားသောက်ရေးမှာ ပို၍ ခက်ခဲလာနေသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များကူညီရေး ကော်မတီ (ထိုင်း-မြန်မာ နယ်စပ်) ဆိုသည်။
အဆိုပါ စခန်းများမှာ စစ်ရှောင်များသည် ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြားနှစ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည် ဟု ဆိုသည်။
အဆိုပါ နှစ်ဖက် စစ်ရေးပဋိပက္ခအတွင်း ရှမ်းပြည်တောင်းပိုင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ကျေးရွာ ပေါင်း ၁၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေလေးသိန်းကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်ဟု သိရသည်။
ထွက်ပြေးလာသူများထဲမှ အချို့မှာ ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အချို့မှာ နယ်စပ် စစ်ဘေးရှောင် စခန်းများတွင်နေနေကြရသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။







