စစ်ရှောင်အသစ် တစ်ထောင်ခန့် အကူအညီများ လိုအပ်

စစ်ရှောင်အသစ် တစ်ထောင်ခန့် အကူအညီများ လိုအပ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မကြာသေးမီက ရောက်ရှိလာကြသော စစ်ရှောင် တစ်ထောင်နီးပါးအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ကျောက်တော်မြို့နယ်က မဟာမုနိဘုရားဝန်းအတွင်း ကျေးရွာပေါင်း ၆ ရွာက စစ်ရှောင် တစ်ထောင်နီးပါး  ရောက်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ COVID-19 ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် ယာယီတဲများဆောက်လုပ်ရန်အတွက် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များအား ကူညီနေ သူ များက ပြောသည်။

“လူဦးရေ တစ်ထောင်ဝန်းကျင်ပေါ့၊ ၉၄၃ ဦးလို့တော့ ပြောတယ်။ အခုရောက်နေတာက မဟာမုနိ ဓမ္မာရုံရယ်၊ မဟာမုနိ ပုရဝုဏ်အတွင်းမှာ။ မျောက်တောင်၊ သာစည်ရယ်၊ ရွှေပြည်သစ်၊ ရွှေပြည်ရွာဟောင်း၊ အလယ်ကျွန်း၊  ကျောက်ဂူစု ရွာ အဲ့ကလူတွေပဲ။ သူတို့က နေရာက ကျပ်သည်းမှုတွေရှိနေတယ်။ လူကများတယ်လေ။ ပြီး  တော့ သူတို့ အခု စားနပ်ရိက္ခာလိုတယ်။ ပြီးတော့ COVID-19 အတွက် အထောက်အကူပစ္စည်းတွေ လိုအပ် နေတယ်။ သူတို့ ဒီကိုရောက်နေတာ နှစ်ပတ်ကျော်ပြီ” စစ်ရှောင်များအား ကူညီပေးနေသူ ကျော်တော်မြို့ က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် “လိုအပ်တာက စားနပ်ရိက္ခာရယ်၊ ဆေးဝါးပစ္စည်းတွေ လိုတယ်။  လောလောဆယ်က COVID ကာလလည်း ဖြစ်တော့ ပိုပြီး လိုအပ်တာပေါ့။ Mask တို့ ဘာတို့လိုတာပေါ့။ ဘုန်းဘုန်းတို့က စားဝတ်နေရေး၊ နေစရာမရှိ အဲ့လိုဖြစ်နေတော့ ကူညီထားတာပါ။ အစကတော့ ဓမ္မာရုံမှာထား တယ်။ မဆံ့တော့ နောက် ဘုန်းကြီးကျောင်းတွေမှာ အဲ့နားက မဟာမုနိဘုန်းကြီးကျောင်းမှာ ထားတယ်။  နောက်ဓမ္မရုံ သုံးရုံမှာ မျှပြီးတော့ ထားပါတယ်။ အခက်အခဲက နေရာထိုင်ခင်းအခက်အခဲဖြစ်တယ်။ နောက်ပြီး အဝတ်အထည် အခက်အခဲရှိတယ်” ဟု စစ်ရှောင်များအား ယာယီကူညီရေးကော်မတီ၏ နာယက ဆရာတော် ဦးပညာသီရိ က မိန့်ကြားသည်။

စစ်ရှောင်များ နေရာထိုင်ခင်းအတွက် ယာယီတဲများ ဆောက်လုပ်နိုင်ရေး အကူအညီများ လိုအပ်နေသည်ဟု ဆရာတော် ဦးပညာသီရိ က ဆက် မိန့်ကြားသည်။

“အခုက အဆင်ပြေသလိုနေနေကြတယ်။ အခုနေဖို့ ထိုင်ဖို့ နေရာပေါ့။ အခုက ဓမ္မာရုံလည်းဖြစ်တယ်။ ဝါတွင်း ကာလ ဖြစ်တော့ တရားဟော တရားနာတွေလုပ်တော့ တရားပြတာတွေရှိတော့ အဲ့ဒီမှာ နေလို့မသင့်တော်ဘူး ဒါဆိုငါတို့ ယာယီတဲတွေဆောက်ပြီး ထားဖို့ စီမံနေပါတယ်။ အဆောင်အဦတွေဆောက်ဖို့ အလှူရှင်လိုတယ်။ ရင်းနှီးရာ ဒကာဒကာမတွေဆီက အကူအညီတောင်းပြီး ဒီရက်ပိုင်း အိမ် လေး ငါး ဆယ်လုံးဆောက်နိုင်အောင် ကြိုးစားနေပါတယ်။”

အဆိုပါ စစ်ရှောင်များမှာ သြဂုတ်လ ၃၁ ရက်နေ့က စတင်ပြီး ၎င်းတို့၏ ကျေးရွာများအတွင်း တပ်မတော် စစ် ကြောင်းဝင်လာရောက်ခြင်း၊ ထိုသို့ဝင်ရောက်လာစဉ် သေနတ်များ ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ ရွာသားများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ရိုက်နှက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကြောက်ရွံ့ ပြီး ထွက်  ပြေးလာကြခြင်းဖြစ်သည်ဟု သိရသည်။

“လောလောဆယ်က မပြန်ရဲကြသေးဘူး။ သူတို့က အရမ်းကို ထိတ်လန့်နေတဲ့သဘောရှိတယ်။ နောက်တစ်ခါ ပထမအဖြစ်အပျက်လို ကြုံမှာကိုစိုးတယ်။ ပထမအဖြစ်အပျက်မှာ မျက်စိနဲ့ တတ်အပ်မြင်ခဲ့ရတယ်။ သူတို့ ခံစားခဲ့ရတယ်။ တချို့ အနည်းအကျဉ်းတော့ ပြန်တဲ့လူတွေလည်းရှိပါတယ်။ အများစုက မပြန်ရဲကြဘူး။ သူတို့က မဟာမုနိဘုရားမှာ လာခိုတော့ ဘုန်းဘုန်းတို့က ယာယီကော်မတီဖွဲ့ ပြီး ကူညီပေးနေရတာပါ။ သူတို့ကတော့ တည်ငြိမ်အေးဆေးတဲ့ အဆင့်ကိုရောက်သွားပြီဆိုရင်တော့ ပြန်ချင်ကြတယ်။ သို့သော်လည်း မပြန်ရဲသေးဘူး။ ဘုန်းဘုန်းတို့က ဆက်လက်ပြီးတော့ ကူညီထားတာပါ” ဟု ဆရာတော် ဦးပညာသီရိက မိန့်သည်။  

လတ်တလောတွင် စစ်ရှောင်များ အစားအသောက်တွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန က ဆန်အိတ် တစ်ရာကျော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလှူရှင်များက ဆန်နှင့်် အခြားစားနပ်ရိက္ခာအချို့ ၊ ဆပ်ပြာ နှင့် Mask အချို့အား လာရောက်ပေးလှူထားသော်လည်း ရက်ကြာလာ သည်နှင့်အမျှ လုံလောက်မှုမရှိဘူးဟုလည်း အကူအညီပေးနေသူများ က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်အနေဖြင့် အမြန်ဆုံး ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးစေချင် သည်ဟု ဆရာတော် ဦးပညာသီရိ က မိန့်ကြားသည်။

“ဘုန်းဘုန်းတို့ကတော့ ပြည်နယ်အစိုးရကိုလည်း မြို့နယ်ကနေတဆင့် ဒီလိုမျိုးဖွဲ့ ပြီးလုပ်ဆောင်နေတယ်ဆိုတာ တင်ထားတာရှိတယ်။ ဖြစ်နိုင်ရင်တော့ အစိုးရ ပြည်နယ်အစိုးရက တချက်လောက် လာမေးမြန်းကွင်းဆင်းပြီး ကြည့်ရှု ကူညီတာမျိုးလုပ်စေချင်တယ်။ ဒီနေ့အထိတော့ မလာကြသေးဘူး။ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရတို့က ဥပဒေဘောင်အတွင်းကနေ စစ်ဆေးပြီး လိုအပ်တာတွေကို ပံ့ပိုးပေးစေချင်တယ်။ ဘုန်းဘုန်းတို့က ယာယီပဲ လုပ်နေနိုင်တာလေ။ ဒီကလူတွေကို လာကြည့်စေချင်တယ်။”

အဆိုပါ စစ်ရှောင်များမှာ အနီးအနားတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာများထဲသို့ တပ်မတော်  စစ်ကြောင်းက ဝင်ရောက်လာပြီး ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားစဉ် ဒေသခံများအား ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့သည်။

လက်ရှိ မဟာမုနိ ဘုရားဝန်းအတွင်းရောက်ရှိနေသော စစ်ရှောင်အများစုမှ ကျောက်တော်မြို့နယ်၊ သာစည် ကျေးရွာအုပ်စုထဲက ကျေးရွာအချို့မှ ဒေသခံရွာသားများ ဖြစ်ကြပြီး အချို့မှာ သြဂုတ်လ ၃၁ ရက်နေ့က ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင် တပ်မတော်က ဖမ်းဆီးစစ်ဆေးခံခဲ့ရသူများ ဖြစ်သည်။

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...