ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား မြန်မာက ခေါ်ယူပြီး နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ သတိထောက်လွှာပေးအပ်

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား မြန်မာက ခေါ်ယူပြီး နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ သတိထောက်လွှာပေးအပ်
ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန
ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယမန်နေ့က ခေါ်ယူပြီး သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က စက်တင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီ မိနစ် ၃ဝ တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံကာ နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ သတိထောက်လွှာပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒက္ကားမြို့တွင် မြန်မာ သံအမတ်ကြီးအား စက်တင်ဘာ ၁၃ ရက်နေ့က ခေါ်ယူတွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြောကြားခဲ့မှုနှင့် သတိထောက်လွှာ ပေးအပ်ခဲ့မှုအပေါ် မြန်မာဘက်က ဖြစ်စဉ်အခြေအနေမှန်ကို တုံ့ပြန်ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က “ ဘင်္ဂလားဒေ့ရှ်ဘက်မှ သတိထောက်လွှာတွင် ဖော်ပြထားသော မကြာသေးမီက နှစ်နိုင်ငံနယ်စပ်အနီး မြန်မာဘက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုများသည် ရဲတပ်ဖွဲ့ဝင်များ၏  ပုံမှန်တာဝန် လဲလှယ်မှုသာဖြစ်ပြီး ၎င်းတို့နှင့်အတူ မိသားစုဝင်များ လည်း လိုက်ပါပြောင်းရွှေ့ ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ရွှေ့ပြောင်းလှုပ်ရှားမှုများသည် ရခိုင်ပြည်နယ် အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ  တရားဥပဒေ စိုးမိုးရေးနှင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသခံ အသိုက်အဝန်းအားလုံး၏ လူမှုဘဝ လုံခြုံမှုရှိရေး ကာကွယ် စောင့်ရှောက်ရန်အတွက် ပုံမှန်တာဝန်ထမ်းဆောင်မှု၏ တစ်စိတ် တစ်ဒေသ လှုပ်ရှား ဆောင်ရွက်မှုသာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ တာဝန်ရွှေ့ပြောင်းရာတွင်လည်း မြန်မာပိုင်နက် နယ်နိမိတ်အတွင်းတွင်သာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုပြုစေရန် ရည်ရွယ်ခြင်း အလျဉ်းမရှိကြောင်း”  တုံ့ပြန် ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားဆက်ဆံရေးရုံးများ (BLOs) ထူထောင်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်က နှစ်နိုင်ငံလက်မှတ် ရေးထိုးခဲ့ပြီး မြန်မာဘက်က နယ်ခြား ဆက်ဆံရေး ရုံးကို မောင်တောမြို့၌ ၁၅-၁ဝ-၂ဝ၁၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

နှစ်နိုင်ငံနယ်ခြား ဆက်ဆံရေး ရုံးများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပရန် မြန်မာဘက်မှ (၃) ကြိမ်တိုင် အဆိုပြုခဲ့သော်လည်း ပထမနှစ်ကြိမ် အဆိုပြုမှုများအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းပြန်ကြားမှု မရှိခဲ့ကြောင်း၊ မြန်မာဘက်မှ တတိယအကြိမ် အဆိုပြုမှုအပေါ် COVID-19 ရောဂါအခြေအနေအပေါ် အကြောင်းပြု၍ အဆင်ပြေမှု မရှိသေးဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားထားကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ထူထောင်ထားသည့် နယ်ခြား ဆက်ဆံရေး ရုံးအချင်းချင်း ဆက်သွယ်ဆောင်ရွက်သည့် ယန္တရားမှတစ်ဆင့် ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားရန် အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား သတိထောက်လွှာ တစ်စောင်ပေးအပ် ခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန)

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...