ဦးဂါကျေးရွာမှ မုဒိမ်းမှုကိစ္စ တပ်မတော်သားသုံးဦးနှင့် တာဝန်ရှိသူများကို စစ်စည်းကမ်းအရ အရေးယူမည်

ဦးဂါကျေးရွာမှ မုဒိမ်းမှုကိစ္စ တပ်မတော်သားသုံးဦးနှင့် တာဝန်ရှိသူများကို စစ်စည်းကမ်းအရ အရေးယူမည်

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော် သား ၃ ဦးကို ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများအားလည်း စစ်စည်းကမ်းအရ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ည ၁၁ နာရီခန့်တွင် နေအိမ်၌ပုန်းခိုနေသည့် အမျိုးသမီးကို တပ်မတော်သားသုံးဦးက မှတ်ပုံတင်စစ်ဆေးမည်ဟု အကြောင်းပြကာ နေအိမ်မှခေါ်ထုတ်သွားခဲ့ပြီး အနီးရှိ လူမရှိသောနေအိမ်တွင် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက သတင်းထောက်များကို ပြောဆိုထားသည်။

ထို့အပြင် ကလေးမွေးဖွားပြီး (၆)ရက်သာရှိသေးသည့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း စစ်ဆေး စရာရှိသည်ဟုဆိုကာ နေအိမ်ပြင်သို့ခေါ်ထုတ်သွားခဲ့ပြီးနောက် အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ယောက်ခမ တော်စပ်သူမှ သွားရောက်တောင်းပန်ပြောဆိုခဲ့သဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသည့် အမျိုးသမီးက ပြောသည်။

ယင်းသို့ ပြုကျင့်ခဲ့သူတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ကာမကို အတင်း အဓမ္မရယူမှု ပုဒ်မ ၃၆၆၊ မုဒိမ်းကျင့်ကြံရန် ကြိုးပမ်းမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ ကျူးလွန်ခံရသူအမျိုးသမီးက တရားလိုလုပ်ပြီး အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရသည့် နယ်မြေဖြစ်ခြင်း၊ စစ်ဆေးရမည့် သံသယရှိသူများ အနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်နေရာဒေသတွင် ရောက်ရှိနေခြင်းတို့ကြောင့် အချိန်အနည်းငယ် ကြန့်ကြာပြီးမှသာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သံသယရှိသူများအား ဇူလိုင်လအတွင်း စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ  စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်း၍ နှစ်ဖက်သက်သေများဖြင့် စနစ်တကျစစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ်စစ်မေးရာတွင် ပြစ်မှု ကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ခဲ့မှု မရှိကြောင်း လိမ်လည်ထွက်ဆိုခဲ့သည်။

သို့သော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများရှိနေသဖြင့် စက်တင်ဘာလဆန်း၌ ပိုမိုတိကျသည့် စစ်ဆေးချက်များနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ အဆိုပါပြစ်မှုကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့ကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်တွင် တပ်မတော်သားသုံးဦးက အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိပဲ ပြည်သူလူထုအထင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး ဖော်ပြခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

နစ်နာသူအမျိုးသမီးအား အကူအညီပေးနေသူများက ယင်းအမှုကိုပွင့်လင်းမြင်သာပြီး လွတ်လပ်စွာ တရား စီရင်ရေးရှိစေရန်အတွက် အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးရန် လိုလားနေကြသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...