တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ ရှိပြီးနောက် နယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီ (Ruili) မြို့ နှင့် ကျယ်ဂေါင်မြို့အား ဝင်ထွက်သွားလာခွင့်ပိတ် လိုက်ပြီး ဒေသအတွင်း နေထိုင်သူ အားလုံး ကျန်မာရေး စစ်ဆေးခံယူရန် စာရင်းများ စတင် ကောက်ယူ နေပြီဟု သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ရွှေလီမြို့အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များအလိုက် တရုတ်လူမျိုး၊ ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသား(ရှမ်းလူမျိုး)များ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအား ကျန်းမာရေး ဌာနက စာရင်းများလိုက်လံ ကောက်ခံနေသည်ဟု ရွှေလီမြို့က အလုပ်သမားများက ပြောသည်။
ရွှေလီမြို့ က မမြင့်က “အကုန် Lock down ချထားတယ်။ ဆေးတွေစစ်အုံးမယ်။ တို့ဖတ်တွေ ယူအုံးမယ်။ ဒီနေ့ တော့ အစ်မတို့ ရွာက ကျောင်းမှာ စာရင်းသွားသွင်းရတယ်။ နာမည်စာရင်း သွင်းရတယ်။ အိမ်လိပ်စာပေး ရ တယ်။ ဖုန်းနံပါတ်ပေးရတယ်။ ကလေးတွေ ကျောင်းတွေလည်း လုံးဝပိတ်လိုက်ပြီ အခုက။ မနေ့က ကျန်းမာရေး ဌာနက အိမ်ကိုလာတယ်။ စစ်ဆေးတယ်။ လူဘယ်နှစ်ယောက်နေလဲပေါ့၊ ဒီနေ့တော့ ရွာက ကျောင်းမှာ စာရင်း သွားပေးရတာ။ သုံးရက်အတွင်း ဆေးစစ်မယ်ပေါ့။ ရွာလုံးကျွတ်ပဲ။ တရုတ်၊ ဗမာ၊ ရှမ်း အကုန်လုံးပဲ။ ရပ်ကွက် အလိုက်၊ ရွာအလိုက်ပဲ Lock down တွေ ချပြီး အဲ့လိုလုပ်နေတာ။ ကျန်းမာရေးဌာနက ဆင်းပြီးလုပ်ပေးတာ” ဟု ပြောသည်။
“အခုက နာမည်စာရင်းပေးရမယ်။ ကိုယ်နေတဲ့ အိမ်ရဲ့လိပ်စာ၊ ပိုင်ရှင်နာမည်ပေးရမယ်။ စာအုပ်ပေးရမယ်။ အစိမ်းဖြစ်ဖြစ်၊ အနီဖြစ်ဖြစ် ပြရမယ်။ စာအုပ်အစိမ်းလည်းမရှိဘူး။ အနီလည်းမရှိဘူးဆိုရင် မှတ်ပုံတင်နဲ့လာခဲ့ ပါတဲ့။ အခုက မှတ်ပုံတင်စာရင်းတွေလည်း ကောက်သွားတယ်။ စိစစ်မှာပေါ့နော်။ ခိုးဝင်လာတာဟုတ်မဟုတ် ပြန်လုပ်မယ်လို့ပြောတယ်။ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိသေးဘူး။ ပြန်ပို့မယ် ဘာညာတော့ မပြောသေး ပါဘူး။ အခြေအနေတော့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ တရုတ်မှာတော့ စည်းစနစ်ကျတယ်ပြောရမလား။ စစ်ဆေးမှုတွေ၊ စာရင်းကောက်တာတွေက သူ့ရွာအလိုက် ရပ်ကွက်အလိုက်ဆိုတော့ မြန်တယ်။ ပိုပြီးလည်း စိတ်ချရသလိုဖြစ်တယ်။”
အဆောင်များတွင် အခန်းငှားနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ကျောက်ကုန်သည်များအားလုံး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် အဆောင်ပိုင်ရှင်များက စာရင်းများ လာရောက်စစ်ဆေး ကောက်ခံခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဆေးစစ်ရန်ရှိသည်ဟု ပြောဆိုထားသည်ဟု ရွှေလီမြို့ရောက် မြန်မာများက ပြောသည်။
ရွှေလီမြို့က ကျောက်ကုန်သည် ကိုသီဟ က “ကျနော်တို့ အခန်းလည်း ဒီနေ့ပဲ စာရင်းလာကောက်တယ်။ လူ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်လိုလက်မှတ် စာအုပ်နဲ့နေလဲ၊ စာအုပ်အစိမ်းလား၊ အနီနဲ့လား မှတ်ပုံတင်နာမည် အကုန်ပေါ့ လာကောက် သွားတယ်။ ရွှေလီတစ်မြို့လုံးပေါ့၊ ကျယ်ဂေါင်ရောပါတယ်။ ဒီမှာ ရှိတဲ့လူတွေ တရုတ် လူမျိုးရော၊ ဒီက ရှမ်းတွေကိုရော၊ ကျနော်တို့ ဒီ မြန်မာတွေကိုရော အားလုံးကိုကောက်တာ။ သုံးရက်အတွင်း အပြီး ဆေးစစ်မယ်လို့ပြောတယ်။ တရားမဝင် ဝင်လာတဲ့လူတွေကိုရောပဲ၊ စက်ရုံတွေမှာရော စာရင်းလိုက် ကောက်တယ်။ ဒီရက်ပိုင်းတော့ အစစ် အဆေးများတယ်။ ကျောက်ဝိုင်းတွေကတော့ အလုပ်မဖြစ်တာ ကြာ ပါပြီ။ ကျနော်တို့လည်း အဆင်ပြေမလား ဆိုပြီး ဆက်နေနေတာ အခုတော့ အရမ်းကြပ်လာတယ်” ဟု ပြော သည်။
ထို့အပြင် ရွှေလီမြို့အား အရေးပေါ်အခြေအနေအဖြစ် တရုတ်အစိုးရက ထုတ်ပြန်ကြေညာပြီးနောက် တစ်ပတ် တိတိ ဝင်ထွက်သွားလာခွင့်များ ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲဌာနကလည်း မကြာခင် နေအိမ်များ၊ အခန်းများအထိ စစ်ဆေးရန်ရှိသည် ဟု အခန်း/အိမ်ငှားနေထိုင်သူများအားလည်း အိမ်ရှင်များက ပြောပြထားသည်ဟု မမြင့်က ဆက်ပြောသည်။
“အိမ်ရှင်ပြောတာက ရဲတွေ နောက်ရက်မှာလာစစ်မယ်ပေါ့။ အိမ်ရှင်ဆီမှာ အခုက တစ်ခန်းဆို ၃ ယောက်ပဲ နေ ခွင့်ရှိတယ်လေ။ သုံးယောက်ထက်ပိုရင် မနေရဘူးပြောထားတာလေ။ အိမ်ရှင်လည်း ဘယ်သူတွေနေတယ် ဆို တာ ရဲစခန်းကို စာရင်းအတိအကျပေးရတယ်။ ရဲတွေလိုက်စစ်မယ် ဘယ်သူနေတယ် ပေးထားတဲ့နာမည်နဲ့ ရုပ်နဲ့ တိုက်ကြည့်အုံးမှာ။ အသေးစိတ်စစ်မှာတဲ့။ စစ်ဆေးမှုတွေပိုကြပ်မယ်။ ပိုများမယ် သေချာတယ်။ အလုပ်တွေ လည်း အကုန်ရပ်၊ ရွာတွေထဲက ဆိုင်တွေ အိမ်ဆိုင်တွေလောက်ပဲ ဖွင့်လို့ရတယ်။ ဈေးတွေလည်း အကုန်ပိတ် ပြီ။ ပန်းခြံ ဘာညာအကုန်ပိတ်။ အဲ့လိုဖြစ်နေတာ။”
ဒေသအတွင်း နေထိုင်သူအားလုံး COVID-19 ရောဂါပိုး ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်များကို တရုတ်အစိုးရက အခမဲ့ စစ်ဆေးပေးမည်ဟု ကြားသိထားရကြောင်း မြန်မာအလုပ်သမား များက ဆိုသည်။
ထို့အပြင် ရွှေလီမြို့သို့ တရားမဝင် ဝင်ရောက်လာသူများအားလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းများ ထုတ်ပြန်ထားသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။
ရွှေလီမြို့ က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးမှာ တရုတ်နိုင်ငံထဲသို့ တရားမဝင် ဝင်လာရောက်လာသည့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ယခုခါ မန်ရှီမြို့ တွင် ဆေးကုသမှု ခံယူနေရသည် သတင်းများ ထွက်ပေါ်နေသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကျယ်ဂေါင်မြို့ ရှိ အဝင်အထွက်ဂိတ်များနှင့် မန့်ဝိန်းကုန်သွယ်ရေး အဝင်အထွက်ဂိတ် များကို ပိတ်လိုက်ခြင်းမရှိပဲ တရုတ်ဘက်အခြမ်းသို့သာ အဝင်လက်မခံပဲ မြန်မာနိုင်ငံသို့ ပြန်ချင်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိုတော့ အထွက်ဂိတ်ဖွင့်ထားပေးသည်ဟု သိရသည်။







