ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ကွမ်းယာဆိုင်ရှေ့တွင် မပေါက်ကွဲသေးသည့် ဗုံးသီးနှစ်လုံးအား ချိတ်ဆွဲထားသဖြင့် ဒေသခံများမှာ စိုးရိမ်နေရကြောင်း သိရသည်။
အဆိုပါ ဗုံးသီးနှစ်လုံးအား ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်ရှိ မဟာဓာတ်အားခွဲစက်ရုံရှေ့ရှိ ကွမ်းယာဆိုင်တွင် ပလက်စတစ်ကြိုးဖြင့် ချိတ်ဆွဲထားသည်ကို စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ဒေသခံ များမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ပုဏ္ဏားကျွန်းမှာက ညမထွက်ရအမိန့် ထုတ်ထားတာဆိုတော့ ဘယ်အချိန်က ချိတ်သွားလဲဆိုတာတော့ မသိဘူး။ ဒီနေ့နံနက်ပိုင်းက သွားကြည့်တော့ လက်နက်ကြီးနှစ်လုံး ကြိုးနှင့်ချိတ်ထားတာကို တွေ့ရတယ်။ အဲဒီကွမ်းယာ ဆိုင်လည်းပိတ်ထားတာ တစ်ပတ်လောက်ရှိပြီ” ဟု ဗုံးသီးချိတ်ဆွဲထားသည်ကို မြင်တွေ့ခဲ့ရသည့် ဒေသခံ တစ်ဦးကပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ထိုသို့ဗုံးသီးနှစ်လုံးအား ချိတ်ဆွဲထားသည်မှာ မှန်ကန်ကြောင်း ပြောသည်။
“လက်နက်ကြီးကတော့ ၈၀ မမ ဗုံးသီးနှစ်လုံးကို ကြိုးနှင့်ချည်းပြီးတော့ ချိတ်ထားတာ။ ဘယ်အချိန်က ချိတ်သွားလဲဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင်လည်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်များရှိနေသည့်အတွက် စိုးရိမ်နေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။
အဆိုပါ မပေါက်ကွဲဘဲကျန်ရှိနေသည့် လက်နက်ကြီးကျည်များအား သက်ဆိုင်ရာတာဝန်ရှိသူများက သိမ်းဆည်းပေးရန် ဘုရားပေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်က တောင်းဆိုသည်။
“ကျွန်တော်တို့ ကျေးရွာအတွင်းနဲ့ ရွာအနီးအနားတွေမှာ မပေါက်သေးတဲ့ လက်နက်တွေရှိသေးတယ်။ ရွာသူ၊ ရွာသားတွေက ပေါက်ကွဲသွားမှာကို အကုန်လုံး စိုးရိမ်နေကြတယ်။ တချို့တွေကိုတော့ ချောင်းထဲကိုပစ်လိုက်ပြီ။ နောက်မပေါက်သေးတဲ့ လက်နက်တွေရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့မှာ စက်တင်ဘာလ ၃ ရက် ညဉ့် (၉)နာရီခွဲအချိန်က မီးရှို့ခံရမှုကြောင့် နေအိမ်စုစုပေါင်း ၁၇၉ ဆောင် မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံ၁၅၀၀ ကျော်မှာနေရပ်စွန့်ခွာထွက်ပြေးလျက်ရှိကြသည်။







