တပ်မတော်သားများ မည်သည့်ပါတီမဆို မဲပေးနိုင်ကြောင်း တပ်မတော်ပြော

တပ်မတော်သားများ မည်သည့်ပါတီမဆို မဲပေးနိုင်ကြောင်း တပ်မတော်ပြော

တပ်မတော်သားများ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိသည် ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တပ်မတော်သားတွေအနေနဲ့ မိမိရဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးအတိုင်းပဲ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ အကြိမ်ကြိမ်ပြောပြီးဖြစ်တယ်။”

သို့သော် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါကို မဲပေးရန် တပ်မတော်အနေဖြင့် ပြောဆိုထားခြင်းမရှိသော်လည်း မဲပေးရေးနှင့် ပတ်သက်ပြီး ဖြစ်သင့်သည်များကို အကြံပြုထားသည်ဟု ဆက်ပြောသည်။  

“ခုနပြောတယ် ခင်ဗျားတို့ ပြောတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဒါ ၆ ချက်ဆိုတာသည် ခင်ဗျားတို့ အဲဒီအပေါ်မှာပဲ လိုက်ပြီးတော့ တစ်ခုချင်း စမ်းစစ်ကြည့်ပေါ့လေ။ ဘယ်သူ့ကို မဲပေးပါလို့ ကျနော်တို့ ပြော ထားတာ မရှိဘူး။ ဒီလိုမျိုးဖြစ်သင့်တယ်လို့ပဲ အကြံပြုထားတာ ရှိပါတယ်”

စက်တင်ဘာလ ၄ ရက်နေ့ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြံပြုချက် ၆ ချက်ပါသည့် စာရွက်များကို လိုက်လံဖြန့်ဝေနေသည့်အပေါ် တပ်မတော်က ညွှန်ကြားခြင်း ရှိမရှိ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြံပြုချက် ၆ ချက်ပါသည့် စာရွက်များ ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက တပ်မတော် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တစ်ချို့တွင် လိုက်လံဖြန့်ေ၀ ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တိုက်ရိုက်ညွှန်ကြားတာ မရှိပါဘူး။ ကျနော်တို့ ပြောချင်တာက ခင်ဗျား တရားပွဲတွေမှာ တရားပွဲတွေပေါ့နော ဒါ ကျနော်က ဗုဒ္ဓဘာသာဆို ဗုဒ္ဓဘာသာ တရားပွဲတွေမှာ ပရိတ်စာအုပ်တို့ ပဌာန်းတို့ ဝေတာ မြင်ဖူးလား။ အဲဒါဘာလို့ဝေတာလဲ ဘုရားက ဝေခိုင်းလို့ ဝေတာလား။ ကြည်ညိုလို့ ဝေတာလေဗျား။ ဘာပြောလို့ရမှာလဲ ကျနော်တို့က” ဟု  ပြောသည်။

စစ်မှှုထမ်းဟောင်းအဖွဲ့က လိုက်လံဖြန့်ဝေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အကြံပြုချက် ၆ ချက်မှာ နိုင်ငံနှင့် ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်အပေါ် စာနာနားလည်မှု ရှိသူ၊အမျိုး ဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သောသူနှင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှု မရှိသူများကို ရွေးချယ်ရန် စသည့်အချက် များဖြစ် သည်။

 

ထို့အပြင် ရွေကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပရန် မသင့်တော်သည့် “ဝ” UWSA ထိန်းချုပ်ရာ မြို့နယ်များနှင့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသများကို ရွေးကောက်ပွဲ မကျင်းပရန်  ရွေးကောက်ပွဲ ကော်မရှင်ကို အကြံပြုထားသည် ဟု ဆိုသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ရဒေသ UWSP/UWSA ထိန်းချုပ်ရာ ဒေသတွင် ရွေးကောက်ပွဲ မကျင်းပရန် အကြံပြုပြောဆိုထားသည့် အကြောင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောသည်။

“အဓိကကတော့ ကျနော်တို့ ပြောနေတဲ့ပေါ့နော ကျနော်တို့ သုံးသပ်တာသည် ခင်ဗျားတို့ကို ကျနော်တို့  ပြောတာ ၂ ခုရှိတယ်။ ရွေးကောက်ပွဲ လုပ်လို့ရရုံ လုံခြုံရေးရှိတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့  ရွေး  ကောက်ပွဲ လုပ်ဖို့ဆိုတာရှိတယ်။ ခုနပြောတဲ့ ရွေးကောက်ပွဲ လုပ်လို့ရရုံ လုံခြုံရေးက သိပ်မခဲယဉ်းဘူး လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ကတော့ ခဲယဉ်းတယ်။ အဓိက ကတော့ မဲဆန္ဒ ရှင်ပြည်သူတွေ ရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ စိတ်ဆန္ဒရှိသလို မဲပေးပိုင်ခွင့် ရှိရမယ်။ သူတို့က တစ်ဦးတစ်ဦးရဲ့ ခြိမ်းခြောက်မှု ကြောင့် မဲပေးရတာမျိုး မဖြစ်စေချင်ဘူး။ ဒါဆိုရင် လုံခြုံရေးအရ ကြည့်ရင် ဒါသည် ဒုတိယပိုင်း ကျနော်ပြောခဲ့တဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါတွေကြောင့်မို့လို့လည်း ပြောခြင်းဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်လင်းပွဲတွင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် တပ်မတော်၏ ဆောင်ရွက်ချက်၊ တပ်မတော်မှ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆဋ္ဌမအကြိမ် ထုတ်ပြန်ခဲ့မှုနှင့် တိုင်းစစ်ဌာနချုပ် အလျောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှု မူးယစ်ဆေးဖမ်းဆီးရရှိမှု၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကိုယ် စားလှယ်တို့ တွေ့ဆုံမှု အခြေအနေ အစရှိသည့် အကြောင်းအရာများနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှု ကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...