ရွေးကောက်ပွဲနေ့ Quarantine ဝင်နေရသူများ မဲပေးခွင့်မဆုံးရှုံးရအောင်စီစဉ်ထား

ရွေးကောက်ပွဲနေ့ Quarantine ဝင်နေရသူများ မဲပေးခွင့်မဆုံးရှုံးရအောင်စီစဉ်ထား
by -
မင်းထွန်း (DMG)

ရွေးကောက်ပွဲနေ့ Quarantine ဝင်နေသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကျန်းမာရေးဌာနနှင့် ညှိနှိုင်းစီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

“ရောက်တာနဲ့ တန်းသတင်းပို့တာပေါ့။ ဘယ်ကရောက်လာသလဲ။ ဘယ်မဲစာရင်းမှာပါသလဲ။ တျောက်လျှောက်ပဲ ဆက်သွယ်နေတယ်။ ဒါနဲ့တောင် ရပ်လို့မထားဘူး။ အခု Quarantine Center ရောက်နေတဲ့လူကလည်း ပြန်သွားတာရှိမယ်၊ ပြန်သွားရင် သူ့နေရာမှာ မဲထည့်မယ်။ တခါ အဲဒီမှာရောက်လာလို့ရှိရင် ဥပမာ နှစ်ရက်၊ သုံးရက်အလိုရောက်လာရင် သူ့အတွက် မဲပေးပိုင်ခွင့်မဆုံးရှုံးရအောင် ဘယ်လိုလုပ်မလဲဆိုတာ စီစဉ်ထားပြီးသား၊ ချက်ချင်း အဆက်အသွယ်နဲ့ပေါ့” ဟု ၎င်းကပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာသတင်းထုတ်ပြန်ရေးအစီအစဉ်များကို ရှင်းလင်းသည့် သတင်းစာရှင်းပွဲတွင် ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Quarantine Center များတွင် ဆန္ဒမဲပေးရမည့်ပုံစံများနှင့် အဆိုပါ Center ထဲတွင် မဲရေတွက်နိုင်အောင် ကျန်းမာရေးဌာနနှင့် ညှိနှိုင်းစီစဉ်ထားကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောသည်။

“ဥပဒေလည်း ပြဌာန်းပြီးသားရှိပါတယ်၊ ဆေးရုံတက်နေတဲ့သူတွေ၊ အကျဉ်းကျနေတဲ့ သူတွေပေါ့နော်။ Quarantine Center နဲ့ဆိုတဲ့အခါကျတော့ အဲဒီမှာလည်း မဲရေဖို့စီစဉ်ထားတယ်။ သူတို့အတွက်ကို မဲလက်မှတ်ဘယ်လိုကိုင်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းထားတာပေါ့။ သူတို့ကို မဲစာရင်းထဲပါအောင် ဆောင်ရွက်တယ်။ မဲစာရင်းထဲပါပြီးရင် သူတို့ကို မဲဘယ်လိုပေးရမလဲ၊ ဘယ်လိုယူရမလဲဆိုတာကို ကျနော်တို့ သတ်မှတ်ပြီးသား” ဟု ၎င်းကပြောသည်။

ယခုအခါ ကိုဗစ်ရိုက်ခတ်မှုခံနေသည့် ရခိုင်ပြည်နယ်တစ်ခုထဲတွင် ရောဂါပိုးတွေ့သူ ၄၀၀ ကျော်ရှိလာပြီး ယင်းအထဲတွင် ကိုဗစ်ပိုးတွေ့လူနာအများဆုံးဖြစ်သည့် စစ်တွေမြို့တွင် ပိုးတွေ့ရှိသူ ၂၀၀ ကျော်ရှိနေပြီဖြစ်သည်။

အဆိုပါ စစ်တွေမြို့တွင် လက်ရှိ Quarantine Center ဝင်နေသူ ၅၅၉ ဦးရှိကြောင်း စစ်တွေအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့မှ စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါပြည်နယ်၌ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...