ရှမ်းပြည်မြောက်ပိုင်းတွင်သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦးအတွက် အဖွဲ့ ၇၀ က တရားမျှတမှု တောင်းဆို

ရှမ်းပြည်မြောက်ပိုင်းတွင်သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦးအတွက် အဖွဲ့ ၇၀ က တရားမျှတမှု တောင်းဆို

မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦးအတွက် အမှန်တရားနှင့် တရားမျှတမှု ရရှိရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ လကြာမှ အလောင်းသာ ပြန်တွေ့ ခဲ့သည့် ရွာသား ၃ ဦးအတွက် အမှန်တရားနှင့် တရားမျှတမှု ပေါက်ပေါက်စေရန်နှင့် ကျူးလွန်သူများကို ဖော်ထုတ် အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်း ၇၀ က စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုတွင် ပါဝင်သည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေး ချိဆငါး က “ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့ အချိန်တုန်းကလည်း သက်သေရှိတယ်။ သက်သေနဲ့ တကွ ရှိတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူပေါ့ အထူးသဖြင့် တပ်မတော်တွေက ဒီအပေါ်မှာ တကယ် ကို သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်စေချင်တယ်။ ပြီးတော့ နစ်နာသွားတဲ့ မိသားစုတွေ အတွက် လည်း အမှန်တရားနဲ့ တရားမျှတမှုကို ရချင်တယ်” ဟု ပြောသည်။

တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU က လွေးလှာရိန်းကလည်း ယခုဖြစ်စဉ်အား အမှုမှန် ပေါ်ပေါက်ရန်နှင့် တရားမျှတမှု ရရှိရန်အပြင် ပြစ်မှုကျူးလွန်သူများကို ပြည်သူလူထုရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေးပေးရန်၊ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များအား သင့်လျော်သည့် ကုစားမှုကို ပြန်လည်လုပ်ဆောင်ပေးရန် လိုသည် ဟု ပြောသည်။

ထို့အပြင် လွေးလှာရိန်းက “နောက်တစ်ခုက ကျမတို့ ဒီဒေသမှာ လူ့အခွင့်အရေး ချိုဖောက်မှုက အမျိုးမျိုးရှိ တယ်။ ဒီလိုမျိုးလူ့အခွင့်အရေး ချိုးဖောက်မှုပဲ မဟုတ်ပဲ တစ်ခြားလူ့အခွင့်အရေး ချိုးဖောက်မှုကို ကျမတို့က မလုပ်ဖို့ကိုတော့ တောင်းဆိုထားတယ်ပေါ့နော်။ နောက်တစ်ခုက တိုက်ပွဲဖြစ်ပြီးဆိုရင် ကျမတို့က ဒီဒေသမှာ  ပြည်သူလူထုတွေကို ဓားစာခံအဖြစ် အသုံးပြုတာ တွေ့ရတယ်ပေါ့နော်။ အဲ့ဟာကိုလည်း ကျမတို့က ရပ်တန့်  ပေးဖို့လည်း တောင်းဆိုထားတယ်။ ပြီးရင် နိုင်ငံတကာ စာချုပ်တွေလည်း လူသားချင်းစာနာ ထောက်ထား မှု နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပေးဖို့ ကျမတို့ တောင်းဆိုထားတဲ့ဟာတွေလည်း ရှိတယ်ပေါ့  နော်” ဟု ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် မူဆယ်မြို့နယ်နှင့် နမ့်ခမ့်း မြို့နယ်တွင် နေထိုင်သော ရွာသား ၃ ဦးသည် မေလ ၂၉ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ ဖမ်းဆီးခြင်းခံရပြီး ၃ လကြာ သတင်းအစအန ပျောက်ဆုံးပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့တွင် ရွာသူရွာသားအချို့မှ အလောင်းကို စတင်တွေ့ရှိပြီး သက်ဆိုင်ရာ မူဆယ်မြို့ ရဲစခန်းသို့ အသိပေး အကြောင်း ကြားပြီး တူးဖော်ကြည့်ခဲ့ရာ ပျောက်ဆုံးနေသည့် ရွာသားများ၏ အလောင်းဖြစ်ကြောင်း သိရသည် ဟု ဆို သည်။

ထို့အပြင် ၎င်းရွာသား ၃ ဦးအနက် မိုင်းညီလိတ်နှင့် မိုင်းညီထော်န်း သည် မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာ အုပ်စု မန်ကန်ကျေးရွာနှင့် မိုင်းဆက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မီးသွေးဖုတ်နေစဉ် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင်သက်သေ ပြောချက်အရ သိရသည်ဟု အရပ်ဖက်အဖွဲ့အ စည်းများက ပြောသည်။

လွေးလှာရိန်းက “ကျမတို့ စုံစမ်းကြည့်သလောက်ဆိုရင် သူတို့ မိသားစုဝင်တစ်ချို့လည်း ကျမတို့ စကားပြော တယ်ပေါ့နော်။ ပြီးလို့ရှိရင် မျက်မြင်သက်သေတွေကိုလည်း စုထားတယ်လို့ ကျမတို့က သိရတယ်။ ဆိုတော့ ဖမ်းသွားတဲ့ တပ်ဖွဲ့တွေက လူတွေက တပ်မ ၉၉ လို့ သူတို့ ယူဆတယ်။ ဘယ်လိုပြောမလဲ မျက်မြင်သက်  သေ သူတို့ရဲ့ မိသားစုဝင် တစ်ချို့က ပြောတဲ့ဟာတွေတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီ အနီးနားမှာ လည်း ကျမတို့ သိသလောက်ဆိုလို့ရှိရင် အဲဒီ အဖွဲ့တွေလည်း ရှိတယ်ပေါ့နော်” ဟု ပြောသည်။

သေဆုံးသူ ဦးအိုက်လိတ်၏ ဇနီးကလည်း “သူတို့တွေက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိဘဲနဲ့ အခုလို အဖြစ်မျိုး ကြုံတွေ့ရတော့ အရမ်းစိတ်နာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေတွေ ငွေတွေ ဘယ်လောက်ပဲ ပုံ အပ်ပေးပါစေ ဘယ်လိုမှ မကျေနပ်နိုင်သလို ဘယ်တော့မှလည်း မေ့လို့ရမှာ မဟုတ်ဘူး။ နောက်နောင် သူ တို့လို အဖြစ်မျိုး ဘယ်သူမှ ထပ်မကြုံစေချင်တော့ဘူး။ ပြီးတော့ စစ်သားနဲ့ ပြည်သူကို ခွဲခြားသိစေချင် တယ်” ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

သို့သော် ကျန်ရွာသား တစ်ဦးဖြစ်သူ မိုင်းအိုက်လုမ်မှာ နမ့်ခမ်းမြို့နယ် လွယ်မွန်းကျေးရွာ နေထိုင်သူဖြစ်ပြီး သီးသန့်ဖမ်းဆီးခံရသည့် အတွက် မည့်သည့်ပုံစံ၊ မည်သည့်နေရာတွင် ဖမ်းဆီးခြင်းခံရသည်ကို သေချာမသိခဲ့ရဟု အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ မူဆယ်မြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး နောက်တစ်ရက် သြဂုတ်လ ၂၇ ရက်နေ့တွင် တပ်မ ၉၉ တပ်ရင်းမှူးက မူဆယ်မြို့ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီအား ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ  ကျေးရွာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံမှုအတွင်း တပ်မ ၉၉ တပ်ရင်းမှူးက ၎င်း၏တပ်သားများက ကျူးလွန်မှု ရှိ/မရှိကို စုံစမ်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း လွေးလှာရိန်းက ပြောသည်။

ထို့တွေ့ဆုံမှုပြီးနောက် သြဂုတ်လ ၃၁ ရက်နေ့တွင် တပ်မ ၉၉ တပ်ရင်းမှူး၏ PSO က မူဆယ်မြို့ တအာင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီထံသို့ ဖုန်းဖြင့် ပြန်လည် အကြောင်းကြားလာခဲ့သည်ဟု အရပ်ဖက်အဖွဲ့ အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ထုတ်ပြန်ချက်အရ “ကျနော်တို့ မှတ်တမ်းအရ သူတို့တွေ ဖမ်းခံရတဲ့နေ့မှာ တပ်မ ၉၉ အနေနဲ့ ဘာလှုပ် ရှား မှုမှ မရှိဘူး။ ဘာအစီရင်ခံစာမှ တက်မလာဘူးဆိုတော့ ကျနော်တို့အဖွဲ့ ကျူးလွန်တာ မဟုတ်ဘူး။ တခြား အဖွဲ့တော့ မပြောတတ်ဘူး” ဟု တပ်မ ၉၉ မှ ပြောဆိုခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များ ဖြစ်ပေါ်တိုင်း ကျူးလွန်သည့် အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု မရှိသည့်နောက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများမှာ ဘဝလုံခြုံမှု ကင်းမဲ့နေသည် ဟု  ပြောသည်။

လွေးချိဆငါးကလည်း “ဒီလိုမျိုး အသတ်ခံရတာတွေ မကဘူးပေါ့နော်။ တစ်ခြား လူ့အခွင့်အရေး ချိုးဖောက် မှုတွေလည်း မကြာခဏ ဖြစ်တယ်။ အဲဒီအပေါ်မှာကလည်း မြန်မာနိုင်ငံမှာက တစ်စိုက်မတ်မတ် ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ဆိုပြီးတော့ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ မရှိတဲ့ အခါကျတော့ ပြည်သူလူထုရဲ့ အနာ ဂတ် ပြည်သူလူထုရဲ့ ဘဝတွေက လုံခြုံမှု လုံးဝကို ကင်းမဲ့ သလိုလိုတော့ ဖြစ်လာတာပေါ့နော်” ဟု ပြော သည်။

ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား ထိခိုက်စေသည့် လုပ်ဆောင်မှုများကို ရပ်တန့်ရန်နှင့် ယခုကဲ့သို့လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့ အစည်းများက ဆိုသည်။

လွေးလှာရိန်းက “ရှမ်းမြောက်မှာ တော်တော်များများကတော့ Conflict ဧရိယာ ဖြစ်တယ်ပေါ့နော် ပဋိပက္ခ ဧရိယာ ဖြစ်တဲ့အခါကျတော့ ဒီလို case တွေက ခဏခဏ ဖြစ်တယ်။ ဒါပေမယ့် ကျမတို့ ဘယ်အဖွဲ့အစည်း ပဲ လုပ်လုပ်ပေါ့ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်လက်နက်ကိုင် အဖွဲ့အစည်း ပဲ ဖြစ်ဖြစ် ကျမတို့က ဒါမျိုးလုပ်တဲ့အခါမှာ ကျမတို့ တအာင်း CSO အနေနဲ့ကတော့ ကျမတို့က ရှုတ်ချတယ်  ပေါ့နော်။ ဒါလူ့အခွင့်အရေး ချိုဖောက်မှု ကြီးမားတဲ့ ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ကျမတို့က ယူဆတယ် ဆိုတော့အပြစ်မဲ့ ပြည်သူလူထုတွေကို ဓားစာခံအဖြစ် အသုံးချတဲ့အပေါ်မှာ ကျမတို့က မလိုလားဘူး ရှုတ်ချတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများမှာ လက်နက်ကိုင် ပဋိပက္ခများကြားတွင် နေထိုင်နေရသည့်အတွက် အမျိုး မျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရပြီး နေထိုင်သွားလာ လုပ်ကိုင်စား သောက် မှုကအစ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဖြင့် နေ နေရသည်ဟု ဆိုသည်။

ထိုနေအထားများကြောင့် နိုင်ငံတော်မှ ပြဌာန်းထားသည့် တရားဥပေဒအတိုင်း လိုက်ပါလုပ်ဆောင်နိုင်သည့် လူမှု့အသိုင်းအဝန်းတစ်ခုကို ဖန်တီးပေးရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...